top of page
Logo-Icon.png

ဖူးခက်တွင် ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ မြန်မာအလုပ်သမားများအပါအဝင် တရားမဝင် နိုင်ငံခြားသား ၃၉ ဦး ဖမ်းဆီးခံရ

ဖူးခက်၊ ဇွန် ၂၆ ၊ Horizons



ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ခရိုင်တွင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၂,၀၀၀ ခန့်ကို စစ်ဆေးခဲ့ရာ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အပါအဝင် နိုင်ငံခြားသား ၃၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။


ဖူးခက်အာဏာပိုင်များသည် တရားမဝင် အလုပ်သမားကွန်ရက်များကို ဖြိုခွင်းရန်နှင့် အမည်ခံ စီးပွားရေးလုပ်ငန်းများကို ပယ်ဖျက်နိုင်ရန် ရည်ရွယ်၍ "(X-ray)" ဟု အမည်ပေးထားသော အထူးစစ်ဆင်ရေးတစ်ရပ်ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရေးရာဌာနတို့ ပါဝင်သော အဆိုပါ ပူးပေါင်းအဖွဲ့သည် ပြည်သူများ၏ တိုင်ကြားချက်များအရ မာလင်ပလာဇာ ၊ အက်စ်ဘီညဈေး နှင့် ပါတွန်ကမ်းခြေ တို့ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။


ယင်းသို့ စစ်ဆေးချိန်တွင် ဆိုင်ခန်းအချို့ ပိတ်ထားသည်ကို တွေ့ရပြီး ဈေးသည်အများစုမှာ ထိုင်းနိုင်ငံသားများသာ ဖြစ်ကြောင်း ပူးပေါင်းအဖွဲ့က ဆိုသည်။ ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ကလည်း ချလောင်း ရှိ စီမံကိန်းတစ်ခုအတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာအလုပ်သမား ၄ ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည်။


ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ ဖူးခက်ဒေသတွင် ရွှေ့ပြောင်းအလုပ်သမား ၁၄၀,၀၀၀ ခန့်ရှိပြီး၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှစတင်ကာ တရားမဝင် အလုပ်လုပ်ကိုင်မှု၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ရာဇဝတ်မှုများနှင့် ယာဉ်စည်းကမ်းချိုးဖောက်မှုများကြောင့် နိုင်ငံခြားသား ၂,၀၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ရှေ့ဆက်၍လည်း ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်ခွင့်ပါမစ် ရှိထားသည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် စိုးရိမ်ရန်မလိုအပ်ကြောင်း ရဲတပ်ဖွဲ့မှူးက အာမခံပြောကြားထားသည်။


(Photo - The Phuket Express)


Comments


bottom of page