ဖူးခက်ရှိ ဆောက်လုပ်ရေးအလုပ်သမားတန်းလျား မီးလောင်မှုကြောင့် မြန်မာအလုပ်သမား ရာနှင့်ချီ မီးဘေးသင့်
- Horizons News

- Jun 6
- 1 min read
ဖူးခက် ၊ ဇွန် ၆ (Horizons News)

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၊ ဘန်ကျိုးရပ်ကွက်ရှိ DCM ဆောက်လုပ်ရေးကုမ္ပဏီ၏ အလုပ်သမားတန်းလျားတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မြန်မာအလုပ်သမား (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အလုပ်သမား ၄၀၀ နီးပါးခန့် မီးဘေးသင့်ခဲ့ရကြောင်း ကူညီပေးနေသူများထံမှ သိရသည်။
အဆိုပါ မီးလောင်မှုသည် ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ ည ၁၂ နာရီမတိုင်မီအချိန်က ဝါယာရှော့ဖြစ်ရာမှတဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုအရှိန်မှာ အလွန်မြန်ဆန်ပြီး အခန်းများအတွင်း မီးခိုးများပြည့်နှက်နေသောကြောင့် အသက်လု ထွက်ပြေးစဉ်အတွင်း မြန်မာအလုပ်သမား ၃ ဦး မီးဟပ်ခံရကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မီးဘေးလွတ်မြောက်လာသူ မြန်မာအလုပ်သမားတစ်ဦးက ပြောပြသည်။
လက်ရှိအချိန်တွင် မီးဘေးသင့် ထိုင်းနှင့် မြန်မာအလုပ်သမားများသည် ချွန်ထလေ ဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေကြရဆဲဖြစ်သည်။
၎င်းတို့အတွက် လိုအပ်နေသော အဝတ်အထည်၊ ဆန်၊ ဆီ၊ စောင်၊ ဖျာနှင့် စားသောက်ဖွယ်ရာများကို ဖူးခက်မြို့ပေါ်ရှိ မြန်မာနိုင်ငံသားများက စုပေါင်းကူညီလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မီးလောင်မှုအတွင်း ပါသွားခဲ့သော မြန်မာအလုပ်သမားများ၏ အရေးကြီး အထောက်အထား စာရွက်စာတမ်းများကိုလည်း ဆောက်လုပ်ရေးကုမ္ပဏီဘက်မှ တာဝန်ယူ၍ ပြန်လည်လုပ်ဆောင်ပေးသွားမည်ဟု ပြောဆိုထားကြောင်း မီးဘေးသင့် မြန်မာအလုပ်သမားများထံမှ သတင်းရရှိသည်။



Comments