မြင်းခြံတွင် ပျူစောထီးခေါင်းဆောင် သီတာယုမွန် အဖွဲ့က ပြည်သူပိုင်ပစ္စည်းများကို အဓမ္မလုယက်သိမ်းယူပြီး ဖိနှိပ်ရက်စက်မှုများ ဆက်တိုက်ကျူးလွန်နေ
- Horizons News

- 46 minutes ago
- 1 min read
မြင်းခြံ ၊ ဇူလိုင် ၂၅ ၊ Horizons

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် ပျူစောထီးခေါင်းဆောင် သီတာယုမွန် ဦးဆောင်သော အဖွဲ့သည် ဒေသခံပြည်သူများ၏ ပိုင်ဆိုင်မှုများကို အဓမ္မ လုယက်သိမ်းယူနေသည့်အပြင် လူထုအပေါ် ဖိနှိပ်ရက်စက်မှုများကိုပါ ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
မြင်းခြံမြို့၏ အဓိကထွက်ကုန်ဖြစ်သော ဆေးရွက်ကြီးလုပ်ငန်းရှင်များထံမှ သိန်းပေါင်း ငါးသောင်းခန့် တန်ဖိုးရှိ ဆေးရွက်ကြီးပို (တောင်းအရှည်) ထောင်ပေါင်းများစွာကို ပြီးခဲ့သည့် ဇွန်လအတွင်းက ပျူစောထီးအဖွဲ့က အဓမ္မသိမ်းယူခဲ့သည်။
ဒေသတွင်း ဆေးရွက်ကြီးတစ်ပိုလျှင် ကာလတန်ကြေး ၁၆ သိန်းခန့် ပေါက်ဈေးရှိပြီး ယင်းသို့ မတရားသိမ်းယူထားသည့် ဆေးရွက်ကြီးများကို ခေါင်းဆောင်ဖြစ်သူ သီတာယုမွန်က ပြန်လည်ရောင်းချကာ ကိုယ်ကျိုးစီးပွားရှာနေကြောင်း မြို့ခံများက ပြောဆိုသည်။
၎င်းတို့အဖွဲ့၏ မင်းမဲ့စရိုက်ဆန်သော လုယက်မှုများ၊ ပြန်ပေးဆွဲ ငွေညှစ်မှုများနှင့် လူသတ်မှုများကြောင့် မြို့ခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရပြီး အကြမ်းဖက်စစ်ကောင်စီထံ တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့ကလည်း ဆေးရုံဆင်းလာခါစဖြစ်သူ မြင်းခြံမြို့၊ အမှတ် (၅) ရပ်ကွက်နေ ကိုမင်းကို ဆိုသူအား သီတာယုမွန်နှင့် အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ခဲ့သဖြင့် သေဆုံးသွားခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
နယ်ဝေးမှ မြင်းခြံမြို့အတွင်းသို့ ဝင်ရောက်လာသည့် ခရီးသွားပြည်သူပိုင် မော်တော်ယာဉ်များကိုလည်း ပြန်ပေးဆွဲ၍ ငွေကြေးဖြင့် ပြန်လည်ရွေးခိုင်းခြင်း၊ လုယက်ခြင်းများကို အထိုင်ချ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
ပျူစောထီးခေါင်းဆောင် သီတာယုမွန်သည် လူငယ်များကို စည်းရုံးလှည့်ဖြားသည့် နည်းလမ်းပေါင်းစုံသုံး၍ အသက် ၂၀ ဝန်းကျင်အရွယ် မိန်းမပျိုများနှင့် လူငယ်များကို ၎င်း၏အဖွဲ့အတွင်းသို့ ဆွဲဆောင်သွတ်သွင်းထားကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မြို့ပေါ်ရှိ ပြည်သူများ၏ လုံခြုံရေးနှင့် ထိခိုက်နစ်နာမှုများကို ငဲ့ကွက်သောကြောင့် မြို့ပေါ်တိုက်ပွဲများ ဖော်ဆောင်ခြင်းကို ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။
လက်ရှိတွင် သီတာယုမွန် ဦးဆောင်သော ပျူစောထီးအဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီ၏ အကာအကွယ်ဖြင့် မြင်းခြံမြို့ပေါ်ကို ထိန်းချုပ်စိုးမိုးထားသော်လည်း မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာအများစုကိုမူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေစိုးမိုး ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။



Comments