ဗင်နီဇွဲလားငလျင်ကြောင့် သေဆုံးသူ ၉၀၀ ကျော်ရှိလာပြီး ပိတ်မိနေသူများကို ကယ်ဆယ်ရန် အပြင်းအထန် ကြိုးပမ်းနေ
- Horizons News

- Jun 27
- 1 min read
ဇွန် ၂၇ ၊ Horizons

ဗင်နီဇွဲလားနိုင်ငံတွင် ရာစုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံး ငလျင်ကြီးနှစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများကို အပြင်းအထန် စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ယခုအပတ်အတွင်း လှုပ်ခတ်ခဲ့သည့် အဆိုပါ အပျက်အစီးများသော ငလျင်များကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ အနည်းဆုံး ၉၂၀ ဦးရှိလာပြီး ဒဏ်ရာရရှိသူ ၃,၀၀၀ ကျော်ရှိကြောင်း နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအမတ်တစ်ဦးက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် အသက်ရှင်ကျန်ရစ်သူများကို အချိန်မီ (Golden Window) ကယ်ထုတ်နိုင်ရန် အပျက်အစီးများအောက်တွင် အပြင်းအထန် ရှာဖွေနေကြပြီး၊ ကရာကတ်စ် (Caracas)၊ လာဂွါရာ (La Guaira) နှင့် ပတ်ဝန်းကျင်ဒေသများရှိ အိုးမဲ့အိမ်မဲ့ဖြစ်သွားသော မိသားစုများစွာမှာလည်း နေထိုင်စရာ နေရာမရှိဖြစ်နေကြသည်။
နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများကြား ရုန်းကန်နေရသည့် ဗင်နီဇွဲလားတွင် အစိုးရ၏ အရေးပေါ်တုံ့ပြန်မှုများမှာ လုံလောက်မှုမရှိကြောင်း ဒေသခံများက ဝေဖန်နေကြပြီး အပျက်အစီးများ ရှင်းလင်းရန် အရပ်ဘက်စေတနာ့ဝန်ထမ်းများကို အကူအညီတောင်းခံနေကြရကာ၊ ရေရှည်ရန်ပုံငွေပြတ်လပ်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာလည်း ဒဏ်ရာရလူနာများကို လုံလောက်စွာ ကုသပေးနိုင်စွမ်း မရှိဖြစ်နေကြောင်း ဆရာဝန်များက ဆိုသည်။
တစ်ဖက်တွင်လည်း ယခုနှစ်အစောပိုင်းက သမ္မတဟောင်း နီကိုးလပ်စ် မာဒူရိုအား ဖမ်းဆီးရန် အထူးတပ်ဖွဲ့များ စေလွှတ်ခဲ့ဖူးသည့် အမေရိကန်စစ်တပ်သည် လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီပေးရန် မြေပြင်သို့ ရောက်ရှိနေပြီး၊ စက်ယန္တရားများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများလည်း အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် ဒေသများသို့ ဆက်တိုက် ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
( ကိုးကား - CNN )



Comments