top of page
Logo-Icon.png

ဗင်နီဇွဲလား အမြွှာမြေငလျင်ကြောင့် လူ ၂၃၅ ဦးဝန်းကျင် သေဆုံး၊ နိုင်ငံတကာ ကယ်ဆယ်ရေးအကူအညီများ အရှိန်မြှင့်လုပ်ဆောင်နေ

ဇွန် ၂၆ ၊ Horizons



နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းများ ကြုံတွေ့နေရသည့် ဗင်နီဇွဲလားနိုင်ငံတွင် ရာစုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံး အမြွှာမြေငလျင် လှုပ်ခတ်မှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၂၃၅ ဦးဝန်းကျင်ရှိလာခဲ့သည်။ 


လာဂွါရီယာ (La Guaira)၊ မြို့တော် ကရာကတ်စ်နှင့် ဆင်ခြေဖုံးဒေသများရှိ နေအိမ်အဆောက်အအုံများ ပြိုကျပျက်စီးခဲ့သောကြောင့် ဒေသခံများစွာ အိုးမဲ့အိမ်မဲ့ဖြစ်နေရပြီး အပျက်အစီးများအောက် ပိတ်မိနေသူများကို အသက်ရှင်လျက် ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များက အချိန်လု ကြိုးပမ်းနေကြသည်။


ယင်းငလျင်ဘေးအတွက် နိုင်ငံတကာမှ အကူအညီများလည်း အဆက်မပြတ် ဝင်ရောက်လျက်ရှိသည်။ အမေရိကန်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့များနှင့် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များ မြေပြင်သို့ စေလွှတ်ထားသလို ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့မည်ဟု ကြေညာထားပြီး၊ ကုလသမဂ္ဂ (UN) ကလည်း မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ညှိနှိုင်းစေလွှတ်ပေးလျက်ရှိသည်။


ထို့အပြင် ကိုလံဘီယာ၊ အယ်လ်ဆာဗေးဒေါ၊ ချီလီ၊ မက္ကဆီကို၊ ကျူးဘား၊ ပနားမား၊ စပိန်၊ ပြင်သစ် အစရှိသည့် နိုင်ငံပေါင်းများစွာကလည်း အထူးရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ အနံ့ခံခွေးများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အသီးသီး စေလွှတ်ပေးပို့ထားကြသည်။


နိုင်ငံတကာအစိုးရများသာမက ပုပ်ရဟန်းမင်းကြီး လီယိုက ယူရို ၁ သိန်း (ကန်ဒေါ်လာ ၁၁၃,၇၀၀ ခန့်) ကနဦးထောက်ပံ့ထားပြီး ဂျပန် NGO အဖွဲ့ဖြစ်သည့် Peace Winds သည်လည်း ဗင်နီဇွဲလားသို့ လာရောက်နေပြီဖြစ်သည်။ 


အလားတူ ဥရောပသမဂ္ဂ (EU)၊ အီရန်၊ တရုတ်နိုင်ငံတို့နှင့် အခြားသော အရပ်ဘက်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများကလည်း လိုအပ်သည့် ကူညီကယ်ဆယ်ရေးများ ပေးအပ်ရန် အသင့်ရှိကြောင်း အသီးသီး ကြေညာကာ ပူးပေါင်းပါဝင်လျက်ရှိသည်။



( ကိုးကား - CNN / Photo - Getty Images )



Comments


bottom of page