top of page
Logo-Icon.png

ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦး ခေါင်းဖြတ်သတ်ခံရပြီး ပလတ်စတစ်ပုံးအတွင်း အလောင်းဖျောက်ဖျက်ခံရ၊ သံသယရှိသူ ခင်ပွန်းဖြစ်သူကို ရဲတပ်ဖွဲ့ အပူတပြင်း ရှာဖွေနေ

ဘန်ကောက် ၊ ဇွန် ၁၂ ၊ Horizons



ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ရာ့ချ်ထေဝီခရိုင်၊ မက္ကဆန်ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုတွင် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီး ပလတ်စတစ်ပုံးအတွင်း အလောင်းထည့်ကာ ဖျောက်ဖျက်ခံထားရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ 


စုံစမ်းစစ်ဆေးမှုများအရ သေဆုံးသူမှာ အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသူ မအေ (အမည်လွှဲ) ဖြစ်ပြီး ခလောင်တွေ့ (Khlong Toei) နယ်မြေရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။


 အဆိုပါလူသတ်မှု ကျူးလွန်သူအဖြစ် သံသယရှိခံရသူမှာ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ မြန်မာနိုင်ငံသား ကိုဘီ (အမည်လွှဲ) ဆိုသူဖြစ်ပြီး ၎င်းသည် ဖက်ချဘူရီလမ်း (Phetchaburi Road) ရှိ နာမည်ကြီး အရက်ဘားတစ်ခုတွင် စားဖိုမှူးအဖြစ် လုပ်ကိုင်နေသူဖြစ်ကာ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံရှာဖွေလျက်ရှိသည်။


ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ထွက်ပေါ်လာသည့် သတင်းအချက်အလက်များအရ ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က ကိုဘီသည် ခလောင်တွေ့ရှိ စားသောက်ဆိုင်သို့ သွားရောက်ကာ မအေကို သွားရောက်ကြိုဆိုခဲ့ကြောင်းနှင့် ထိုအချိန်က ၎င်းတို့လင်မယား နှစ်ဦးအကြား စကားများ ရန်ဖြစ်ခဲ့ကြသော်လည်း အမျိုးသမီးဖြစ်သူမှာ သက်ရှိထင်ရှား ရှိနေသေးကြောင်း မျက်မြင်သက်သေများက ဆိုသည်။ 


သို့သော် ဇွန်လ ၉ ရက်နေ့မှစ၍ မအေအား ဆက်သွယ်၍မရတော့သဖြင့် ဆွေမျိုးများက မသင်္ကာဖြစ်ကာ ဒင်းဒန်း (Din Daeng) ရဲစခန်းသို့ သွားရောက်တိုင်တန်း အကူအညီတောင်းခံခဲ့ရာမှ သေဆုံးသူ၏ အခန်းအတွင်း ရှာဖွေရင်း ပလတ်စတစ်ပုံးထဲမှ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။


မှတ်တမ်းတင်ထားသည့် လုံခြုံရေးကင်မရာ (CCTV) များကို စစ်ဆေးကြည့်ရာ ဇွန်လ ၁၀ ရက်နေ့တွင် ကိုဘီက အခင်းဖြစ်ပွားရာ အခန်းထဲမှ ကြီးမားသည့် ခရီးဆောင်အိတ်ကြီးတစ်လုံးကို ဆွဲထုတ်သွားသည်ကို အဓိက အထောက်အထားအဖြစ် တွေ့ရှိခဲ့ရသည်။ 


အဆိုပါဖြစ်စဉ်တွင် အမျိုးသမီးဖြစ်သူမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖြတ်တောက်ကာ ပလတ်စတစ်ပုံးအတွင်း ထည့်သွင်းခံထားရခြင်းဖြစ်ပြီး လက်ရှိတွင် ပျောက်ဆုံးနေသော ဦးခေါင်းပိုင်းကို တာဝန်ရှိသူများက ဆက်လက်ရှာဖွေလျက်ရှိသည်။ 


ယခုအခါ ရဲတပ်ဖွဲ့ဝင်များသည် ထွက်ပြေးတိမ်းရှောင်နေသည့် သံသယတရားခံ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ စစ်ဆေးမေးမြန်းနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ (Immigration Police) နှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

Comments


bottom of page