ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် ရက်စက်စွာ အသတ်ခံရ
- Horizons News

- Jun 11
- 1 min read
ဘန်ကောက်၊ ဇွန် ၁၁ ၊ Horizons

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခွန်ထီယန်ခရိုင်ရှိ အငှားတိုက်ခန်းတစ်ခုအတွင်း အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် ရက်ရက်စက်စက် အသတ်ခံထားရမှုကို ဇွန်လ ၁၀ ရက်နေ့က တွေ့ရှိခဲ့ရပြီး ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
သေဆုံးသူမှာ အထည်ချုပ်စက်ရုံလုပ်သား မအိမွန်ထွေးဖြစ်ပြီး ၎င်းနေထိုင်ရာ အခန်းအတွင်းမှ ပုပ်နံ့များ ထွက်ပေါ်လာသဖြင့် ပတ်ဝန်းကျင်က သွားရောက်စစ်ဆေးရာမှ သွေးအိုင်အတွင်း မှောက်လျက်သေဆုံးနေသည့် ရုပ်အလောင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မှုခင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ အခန်းတံခါးကို အတွင်းဘက်မှ ပိတ်ထားကာ ရုပ်အလောင်းမှာ ပုပ်ပွနေပြီဖြစ်ပြီး လည်ပင်း၊ ရင်ဘတ်နှင့် ခန္ဓာကိုယ်အနှံ့တွင် ဓားဒဏ်ရာ ၇ ချက်ခန့်ကို တွေ့ရှိခဲ့ရသည်။
ထို့အပြင် အခန်းနောက်ဘက် ရေချိုးခန်းအတွင်း၌ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့် လက္ခဏာရပ်များနှင့်အတူ နံရံများတွင် သွေးစက်များ ပေကျံနေသည်ကိုပါ တွေ့ရှိခဲ့ရသည်။
အခန်းနောက်ဖက် တံခါးအထိ သွေးစီးကြောင်းများနှင့် သံသယရှိသူ၏ ခြေရာများ၊ ဖိနပ်တစ်ဖက်နှင့် သွေးစွန်းနေသော ကြမ်းတိုက်တံတစ်ချောင်းတို့ကို သက်သေအဖြစ် သိမ်းဆည်းထားပြီး တရားခံသည် ပြစ်မှုကျူးလွန်ပြီးနောက် အခန်းနောက်ဘက် လသာဆောင်မှတစ်ဆင့် ထွက်ပြေးသွားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။
မအိမွန်ထွေးသည် အဆိုပါအခန်းတွင် တစ်ဦးတည်းနေထိုင်လာသည်မှာ နှစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ယခင်ကလည်း အခန်းဖောက်ထွင်းခံခဲ့ရဖူးကြောင်း အဆောင်ပိုင်ရှင်က ဆိုသည်။
ပတ်ဝန်းကျင်၏ ထွက်ဆိုချက်အရ သေဆုံးသူကို ဇွန်လ ၈ ရက် ညနေ ၆ နာရီခန့်တွင် နောက်ဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ကာ ယခုဖြစ်စဉ်တွင် သေဆုံးသူ၏ ငွေသားအချို့နှင့် မိုဘိုင်းဖုန်းတစ်လုံး ပျောက်ဆုံးနေသဖြင့် လုယက်လူသတ်မှု ဖြစ်နိုင်ခြေရှိကြောင်း ယူဆရသည်။
လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာ ဝန်းကျင်ရှိ CCTV မှတ်တမ်းများကိုစစ်ဆေးခြင်းနှင့် သက်သေများကို ခေါ်ယူမေးမြန်းခြင်းများ ပြုလုပ်ကာ တရားခံကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။



Comments