top of page
Logo-Icon.png

မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော ကျားဖြန့်ငွေလိမ်ဂိုဏ်းများက အမေရိကန်လုံခြုံရေးကို ခြိမ်းခြောက်နေဟု သတိပေး

ဝါရှင်တန် ၊ ဇွန် ၂၇ ၊ Horizons



ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က အမေရိကန်အောက်လွှတ်တော်တွင် ကျင်းပခဲ့သည့် ကြားနာပွဲ၌ မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးအတွက် ကြီးမားလာနေသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael G. DeSombre က သတိပေးပြောကြားလိုက်သည်။


အဆိုပါ ကျားဖြန့်လုပ်ငန်းများကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားများအနေဖြင့် ယခင်နှစ်ထက် ၂၅ ရာခိုင်နှုန်း မြင့်တက်လာကာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံအထိ ဆုံးရှုံးခဲ့ရသည်ဟု ၎င်းက ထောက်ပြခဲ့သည်။


အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ လက်အောက်ခံ ဆပ်ကော်မတီက ကြီးမှူးကျင်းပသော "Implementing an America First Approach in the East Asia and Pacific Region" ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်အခြေအနေနှင့် ကျားဖြန့်လုပ်ငန်းများကို အဓိကထား ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။


ဆပ်ကော်မတီဥက္ကဋ္ဌ Young Kim နှင့် အဆင့်မြင့်အဖွဲ့ဝင် Ami Bera တို့ကလည်း မြန်မာနိုင်ငံရှိ ပြည်တွင်းပဋိပက္ခနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်အစိုးရက အဆင်သင့်ရှိကြောင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုခဲ့သည်။


ယင်းကြားနာပွဲသို့ အွန်လိုင်းမှ တက်ရောက်ခဲ့သည့် Burma Research Institute (BRI) ဥက္ကဋ္ဌ Zo Tum Hmung ကလည်း မြန်မာနိုင်ငံအရေးကို ကွန်ဂရက်တွင် နှစ်ပါတီပူးပေါင်းဆွေးနွေးမှုကို ကြိုဆိုခဲ့ပြီး၊ မြန်မာနိုင်ငံ၌ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အမေရိကန်အစိုးရအနေဖြင့် လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများ အချိန်မီလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။


ထိုသို့ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းသည် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ခံမှုရှိစေရန်သာမက ကျားဖြန့်ကွန်ရက်များ ဖြိုခွင်းရေး၊ တရုတ်၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရေးနှင့် အမေရိကန်၏ လုံခြုံရေးအကျိုးစီးပွား ကာကွယ်ရေးတို့အတွက်ပါ အရေးကြီးကြောင်း BRI ဥက္ကဋ္ဌက ထောက်ပြခဲ့သည်။


၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ပိုမိုဆိုးရွားလာနေချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထူထောင်ရေးကို ဆက်လက်ထောက်ခံကြောင်း အတည်ပြုခဲ့မှုကို ကြိုဆိုကြောင်းနှင့် အမေရိကန်အစိုးရအနေဖြင့် ကြေညာချက်များဖြင့်သာမက ထိရောက်သည့် လုပ်ဆောင်မှုများဖြင့် အကောင်အထည်ဖော်သင့်ကြောင်း ၎င်းက နိဂုံးချုပ်အနေဖြင့် တိုက်တွန်းပြောဆိုထားသည်။



Comments


bottom of page