မြန်မာအပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီအတွက် အမေရိကန်က ဒေါ်လာ သန်း ၂၄၀ ကျော် ထောက်ပံ့မည်
- Horizons News

- Jun 6
- 1 min read
ဇွန် ၆ ၊ Horizons

မြန်မာ၊ ကွန်ဂို၊ အီသီယိုးပီးယား၊ ဟေတီ၊ နိုင်ဂျီးရီးယားနှင့် ဆူဒန်စသည့် နိုင်ငံများရှိ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေသူများအတွက် အမေရိကန်ဒေါ်လာ သန်း ၂၄၀ ကျော်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်လိုက်သည်။
ယင်းရန်ပုံငွေများကို အစားအသောက်၊ အာဟာရ၊ ကျန်းမာရေး၊ ရေသန့်ရှင်းရေးနှင့် နေထိုင်စရာ အမိုးအကာများ ပံ့ပိုးပေးရေး ကဏ္ဍစုံတွင် အဓိကထား အသုံးပြုသွားမည်ဖြစ်သည်။
အဆိုပါ အကူအညီများကို ကမ္ဘာတစ်ဝန်း အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် ၂၄ နာရီအတွင်း အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အမေရိကန်က ယုံကြည်စိတ်ချရသော ကက်သလစ်ကူညီရေးအဖွဲ့ Catholic Relief Services (CRS) သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကူညီရေးအတွေ့အကြုံ နှစ် ၈၀ နီးပါးရှိပြီး မြန်မာနိုင်ငံတွင်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် CRS အဖွဲ့သည် ယခုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများ ထောက်ပံ့ရေးအစီအစဉ်အရ ပထမဆုံး ရန်ပုံငွေလက်ခံရရှိသည့် အဖွဲ့အစည်းလည်း ဖြစ်လာသည်။
ယခုထောက်ပံ့မှုသည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) နှင့် သဘောတူညီထားသော ဒေါ်လာ ၃.၈ ဘီလီယံ ကူညီရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အကူအညီများ ပိုမိုထိရောက်မြန်ဆန်စွာ ရောက်ရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
တဖက်တွင်လည်း သမ္မတ ဒေါ်နယ်ထရမ့် အစိုးရလက်ထက်၌ နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အေဂျင်စီ (USAID) ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် နယ်စပ်ရှိ မြန်မာဒုက္ခသည်များသာမက ပြည်တွင်းရှိ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူများအတွက်ပါ ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်ဘေး၌လည်း USAID မရှိတော့သည့်အတွက် အမေရိကန်အနေဖြင့် ပြည့်ပြည့်ဝဝ ကူညီတုံ့ပြန်နိုင်စွမ်း ကင်းမဲ့ခဲ့ရကြောင်း အမေရိကန် အကြီးတန်းအရာရှိများက ဝေဖန်ထောက်ပြထားကြသည်။



Comments