မလေးရှားနိုင်ငံ ပူဒူးဈေးအနီး ရှောင်တခင်ဝင်ရောက်စီးနင်းမှုတွင် မြန်မာ (၂၆) ဦး အပါအဝင် နိုင်ငံခြားသား (၁၈၆) ဦး ဖမ်းဆီးခံရ
- Horizons News

- Jun 20
- 1 min read
ကွာလာလမ်ပူ၊ ဇွန် ၂၀ ၊ Horizons

ယနေ့ (ဇွန်လ ၂၀ ရက်) နံနက်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ပူဒူးဈေး (Pudu Market) အနီးတဝိုက်တွင် တရားမဝင် နေထိုင်သူများနှင့် အထောက်အထားမပြည့်စုံသူများကို မလေးရှားအာဏာပိုင်များက ၎င်းတို့ခိုအောင်းရာ အဆောက်အအုံများ၊ အခန်းများနှင့် ဆိုင်ခန်းများအထိ ရှောင်တခင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုအတွင်း မလေးရှားအာဏာပိုင်များက နိုင်ငံခြားသား စုစုပေါင်း (၃၂၀) ဦးကို စစ်ဆေးခဲ့ပြီးနောက် တရားဝင်အထောက်အထားမရှိသူ နိုင်ငံခြားသား (၁၈၆) ဦး (အမျိုးသား ၁၄၉ ဦးနှင့် အမျိုးသမီး ၃၇ ဦး) ကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများထဲတွင် ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသား (၂၆) ဦး (အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၃ ဦး) ပါဝင်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသည့် အခြားနိုင်ငံခြားသားများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၁၈) ဦးဖြင့် အများဆုံးဖြစ်ပြီး၊ အင်ဒိုနီးရှား (၂၈) ဦး၊ ဗီယက်နမ် (၅) ဦး၊ နီပေါ (၄) ဦး၊ အိန္ဒိယ (၂) ဦး၊ တရုတ် (၂) ဦးနှင့် ပါကစ္စတန် (၁) ဦးတို့ အသီးသီး ပါဝင်ကြသည်။
ဖမ်းဆီးခံရသူများအားလုံးကို မလေးရှားလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃ ပါ ပုဒ်မ ၆(၁)(ဂ) (တရားဝင်ဗီဇာ၊ ခွင့်ပြုချက်မရှိဘဲ နေထိုင်ခြင်း) နှင့် ပုဒ်မ ၁၅(၁)(ဂ) (ဗီဇာသက်တမ်းကုန်လွန်ပြီးနောက် ဆက်လက်နေထိုင်ခြင်း) တို့ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ မလေးရှားအာဏာပိုင်များအနေဖြင့် မြို့တော်အတွင်းရှိ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဖော်ထုတ်ဖမ်းဆီးရန် ယခုကဲ့သို့ ရှောင်တခင် စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။



Comments