မလေးရှား အထူးတရားရုံးတွင် မြန်မာ ၂ ဦး အပါအဝင် နိုင်ငံခြားသား ၁၂ ဦးကို ထောင်ဒဏ်နှင့် ကြိမ်ဒဏ်များ ချမှတ်
- Horizons News

- Jun 26
- 1 min read
ကေဒါ၊ ဇွန် ၂၆ ၊ Horizons

မလေးရှားနိုင်ငံ၊ ကေဒါ (Kedah) ပြည်နယ်၊ ဆစ်ခ်မြို့ရှိ PATI ဘီလန်တစ် (Belantik) အထူးတရားရုံးတွင် မြန်မာနိုင်ငံသား ၂ ဦး အပါအဝင် နိုင်ငံခြားသား ၁၂ ဦးကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က လူဝင်မှုကြီးကြပ်ရေးဥပဒေများဖြင့် တရားစွဲဆိုကာ ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ထုတ်ပြန်သည်။
လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် တရားစွဲဆိုခံရသူများထဲတွင် မြန်မာနိုင်ငံသား ၂ ဦးနှင့် လာအိုနိုင်ငံသား ၁ ဦး ပါဝင်ခဲ့သည်။
တရားရုံးက ၎င်းတို့အနက် တရားခံ ၂ ဦးကို ထောင်ဒဏ် ၈ လစီ ချမှတ်ခဲ့ပြီး ထိုအထဲမှ ၁ ဦးကို ထောင်ဒဏ်အပြင် ကြိမ်ဒဏ်တစ်ချက်ပါ ထပ်မံအပြစ်ပေးခဲ့သည်။ ကျန်အမှုတစ်ခုအတွက်မူ လိုအပ်သော စာရွက်စာတမ်းများ တင်ပြနိုင်ရန် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့အထိ ရုံးချိန်း ရွှေ့ဆိုင်းခဲ့သည်။
အဆိုပါ တရားစီရင်မှုတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄ ဦးကိုလည်း လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများအရ တရားစွဲဆိုခဲ့ရာ ၁ ဦးကို ဒဏ်ငွေ ရင်းဂစ် ၆၀၀ သို့မဟုတ် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့သည်။
အဆိုပါ ၁ ဦးမှာ ဒဏ်ငွေပေးဆောင်နိုင်ခဲ့သော်လည်း နောက်ထပ် ၁ ဦးမှာမူ ချမှတ်ထားသော ဒဏ်ငွေကို ပေးဆောင်နိုင်ခဲ့ခြင်း မရှိပေ။ ကျန်အမှု ၂ ခုကိုမူ အယူခံအဆုံးအဖြတ်ကို စောင့်ဆိုင်းရန်အတွက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့အထိ ရွှေ့ဆိုင်းခဲ့သည်။
ထို့အပြင် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ ထပ်မံတရားစွဲဆိုခံရသည့် အခြားနိုင်ငံခြားသား ၄ ဦးအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ဦးကို ထောင်ဒဏ် ၄ လ ချမှတ်ခဲ့ပြီး အိန္ဒိယနိုင်ငံသား ၃ ဦးကို တစ်ဦးလျှင် ထောင်ဒဏ် ၆ လစီ အသီးသီး ချမှတ်ခဲ့သည်။

ထို့အတူ ကင်ညာနိုင်ငံသား ၁ ဦးကိုလည်း ပထမစွဲချက်အတွက် ထောင်ဒဏ် ၅ လနှင့် ဒုတိယစွဲချက်အတွက် ထောင်ဒဏ် ၆ လ ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။
ယခုချမှတ်လိုက်သော ပြစ်ဒဏ်များအားလုံးသည် မလေးရှားနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ တရားစီရင်ခဲ့ခြင်းဖြစ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
(ဓာတ်ပုံ - JIM)



Comments