ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားရှိ အဓိက ရေနံချက်စက်ရုံကြီး မီးလောင်ပျက်စီး
- Horizons News

- Jun 17
- 1 min read
မော်စကို၊ ဇွန် ၁၇ ၊ Horizons

ယူကရိန်းနိုင်ငံ၏ အဝေးထိန်းဒရုန်း တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၏ တတိယအကြီးဆုံး ရေနံထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော ‘Gazprom Neft’ ပိုင်ဆိုင်သည့် မော်စကို ရေနံချက်စက်ရုံဝင်းအတွင်းရှိ အဓိကစက်ရုံတစ်ရုံ ပြင်းထန်စွာ မီးလောင်ပျက်စီးသွားခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဘျာနင်က ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့တွင် အတည်ပြု ပြောကြားခဲ့သည်။ ယခု ဒရုန်းတိုက်ခိုက်မှုသည် ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀ ခန့်) အကွာအဝေးမှနေ၍ အောင်မြင်စွာ ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဤဖြစ်စဉ်နှင့် ပတ်သက်၍ ယူကရိန်းသမ္မတ ဇလန်းစကီးက ယခုတိုက်ခိုက်မှုသည် ရုရှား၏ ကျူးကျော်စစ်အပေါ် လက်တုံ့ပြန်သည့် တရားမျှတသော လုပ်ဆောင်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
အဆိုပါ မော်စကိုရေနံချက်စက်ရုံကြီးသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ရေနံတန်ချိန် ၁၁ ဒသမ ၆ သန်းအထိ ချက်လုပ်ပေးနိုင်ခဲ့ပြီး ရုရှားနိုင်ငံအတွက် ဓာတ်ဆီနှင့် ဒီဇယ် သန်းပေါင်းများစွာကို ထုတ်လုပ်ပေးနေသည့် အဓိက မဟာဗျူဟာမြောက် အချက်အချာနေရာတစ်ခု ဖြစ်သည်။ ယခု ဒရုန်းထိမှန်မှုကြောင့် စက်ရုံတစ်ခုလုံး၏ သန့်စင်ထုတ်လုပ်မှု ၅၃ ရာခိုင်နှုန်းခန့်ကို တာဝန်ယူထားရသည့် ပင်မအဆောက်အအုံမှာ ပြင်းထန်စွာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။
ယခုကဲ့သို့ အဓိက ရေနံချက်စက်ရုံကြီး၏ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းသွားသည့်အတွက် ရုရှားနိုင်ငံအတွင်း ပြည်တွင်း ဓာတ်ဆီနှင့် ဒီဇယ် ထုတ်လုပ်မှုနှုန်းများ ရုတ်တရက် ထိုးကျသွားခဲ့သည်။ ထို့ကြောင့် ရှေ့ဆက်၍ လောင်စာဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်လာနိုင်မည့် အခြေအနေရှိနေပြီး လက်ရှိအချိန်တွင်ပင် အချို့သော ဒေသများနှင့် ဆီဆိုင်များ၌ ဆီပြတ်လပ်မှုများ ကြုံတွေ့နေရကာ ဆီရောင်းချမှုကို ကန့်သတ်ထားရကြောင်း သတင်းများအရ သိရသည်။



Comments