ရုရှား၏ စစ်ရေးပစ်မှတ်များကို ကြိုတင်တိုက်ခိုက်သွားမည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီး ပြောကြား
- Horizons News

- Jun 25
- 1 min read
ဇွန် ၂၅ ၊ Horizons

ရုရှားနိုင်ငံက စစ်ပွဲအတွက် အသုံးပြုနေသည့် အခြေခံအဆောက်အအုံများနှင့် စစ်ရေးပစ်မှတ်များကို ကြိုတင်တိုက်ခိုက်မှုများ (Preemptive attacks) ပြုလုပ်သွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဗုဒ္ဓဟူးနေ့ ညပိုင်းမိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။
မော်စကိုအစိုးရအား ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်လာစေရန် ရည်ရွယ်၍ ယူကရိန်းက ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုများ တိုးချဲ့လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
"ရုရှားက သူ့ရဲ့စစ်ရေးအားထုတ်မှုတွေ တိုးချဲ့ဖို့ အသုံးပြုနေတဲ့ နေရာတွေကို ကြိုတင်ဟန့်တား တိုက်ခိုက်ဖို့ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေနဲ့ စစ်တပ်ကို ညွှန်ကြားထားပါတယ်" ဟု သမ္မတ ဇလန်းစကီးက ဆိုသည်။
ယမန်နေ့ ဗုဒ္ဓဟူးနေ့တွင်လည်း ယူကရိန်း၏ ဒရုန်းများသည် ရုရှားထိန်းချုပ်ထားသော ခရိုင်းမီးယားကျွန်းဆွယ်ရှိ အကြီးဆုံးမြို့တွင် လျှပ်စစ်မီးပြတ်တောက်စေခဲ့ပြီး ရုရှားနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ ပစ်မှတ်များကိုပါ တိုက်ခိုက်ခဲ့သည်။
ယူကရိန်းသည် ရုရှား၏ ရေနံချက်စက်ရုံများနှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ဆက်တိုက်တိုက်ခိုက်နေသဖြင့် ရုရှား၌ လောင်စာဆီပြတ်လပ်မှု အကျပ်အတည်း ပိုမိုဆိုးရွားလာနေသည်။
ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မြို့တော် မော်စကိုရှိ ရေနံချက်စက်ရုံသည် အနည်းဆုံး ၆ လခန့် လည်ပတ်နိုင်မည်မဟုတ်ကြောင်း စက်မှုလုပ်ငန်းတွင်း သတင်းရင်းမြစ်များက ဆိုသည်။
ယင်းအခြေအနေမှာ ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်သည့် ရုရှားတစ်ဝန်းလုံးရှိ လောင်စာဆီ ပြတ်လပ်မှုပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းနေသည့် ရုရှားအစိုးရအတွက် ပိုမိုခက်ခဲရှုပ်ထွေးစေခဲ့သည်။
ဗုဒ္ဓဟူးနေ့က ရှားရှားပါးပါး ထုတ်ပြန်လိုက်သည့် တရားဝင် အချက်အလက်များအရ ရုရှား၏ ရေနံထွက်ပစ္စည်းနှင့် ကိုကင်း (Coke) ထုတ်လုပ်မှုသည် ပြီးခဲ့သည့် မေလတွင် ယခင်နှစ် အလားတူကာလကထက် ၁၃.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး အဆိုပါကျဆင်းမှုနှုန်းမှာ ယခင်လများထက် ပိုမိုမြန်ဆန်လာကြောင်း သိရသည်။
ကမ္ဘာ့တတိယမြောက် ရေနံအများဆုံးထုတ်လုပ်သည့် ရုရှားနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ယူကရိန်းကို အလုံးစုံကျူးကျော်ဝင်ရောက်ပြီးကတည်းက ၎င်း၏ ရေနံထုတ်လုပ်မှုနှင့် ပို့ကုန်အချက်အလက် အများစုကို ထုတ်ပြန်ခြင်း ရပ်ဆိုင်းထားခဲ့သည်။
(Reuters သတင်းဌာန၏ ဖော်ပြချက်ကို ကိုးကားရေးသားပါသည်)



Comments