ရုရှား၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့တော် ကီးဗ်တွင် အရပ်သား ၁၃ ဦး သေဆုံး
- Horizons News

- Jul 2
- 1 min read
ဇူလိုင် ၂ ၊ Horizons

ယူကရိန်းမြို့တော် ကီးဗ် (Kyiv) ရှိ လူနေရပ်ကွက်များကို ရုရှားစစ်တပ်က ဒုံးကျည်နှင့် ဒရုန်းများ အသုံးပြုကာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား အနည်းဆုံး (၁၃) ဦး သေဆုံးပြီး (၈၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကီးဗ်မြို့တော်ဝန် Vitali Klitschko က ထုတ်ပြန်လိုက်သည်။ ဤတိုက်ခိုက်မှုသည် ၄ နှစ်ကျော်ကြာမြင့်နေပြီဖြစ်သော စစ်ပွဲကာလအတွင်း အပြင်းထန်ဆုံးသော လေကြောင်းတိုက်ခိုက်မှုများထဲတွင် ပါဝင်သည်။
လေကြောင်းတိုက်ခိုက်မှုသည် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်၊ ည ၈ နာရီဝန်းကျင်တွင် လေကြောင်းရန် အချက်ပေးဥဩသံများနှင့်အတူ စတင်ခဲ့ပြီး နောက်တစ်နေ့ နံနက်အစောပိုင်းအထိ (၁၁) နာရီကြာ တောက်လျှောက် ပြင်းထန်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် ကီးဗ်မြို့လယ်ရှိ ကိုးထပ် လူနေတိုက်ခန်းတွဲတစ်လုံး၊ အခြားနေအိမ်များနှင့် ကျောင်းသားအဆောင်များ တိုက်ရိုက်ထိမှန်ကာ ပြိုကျပျက်စီးခဲ့ပြီး မြို့တစ်ခွင်တွင် မီးခိုးလုံးကြီးများ ဖုံးလွှမ်းသွားခဲ့သည်။
ရုရှား၏ အလုံးအရင်းဖြင့် တိုက်ခိုက်မှု လာနိုင်ကြောင်း ယူကရိန်းသမ္မတ ဇီလန်းစကီး (Zelensky) က ညနေပိုင်းကတည်းက ကြိုတင်သတိပေးခဲ့သောကြောင့် ကလေးငယ်များနှင့် အိမ်မွေးတိရစ္ဆာန်များ အပါအဝင် မြို့ခံပြည်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့ ညပိုင်းကတည်းက မြေအောက်မက်ထရို ရထားဘူတာရုံများအတွင်းသို့ ဘေးလွတ်ရာ သွားရောက်ခိုလှုံခဲ့ကြရသည်။
ရုရှား၏ အကြီးအကျယ် တိုက်ခိုက်မှုလာနိုင်သည့် သတင်းကြောင့် သမ္မတ ဇီလန်းစကီးသည် ၎င်း၏ အိုင်ယာလန်နိုင်ငံ ခရီးစဉ်ကို ချက်ချင်းဖျက်သိမ်းကာ ယူကရိန်းသို့ အရေးပေါ် ပြန်လည်ရောက်ရှိလာခဲ့သည်။ ၎င်းက "ရုရှားခေါင်းဆောင်ပိုင်းဟာ စစ်ပွဲကို အဆုံးသတ်ဖို့ လုံးဝငြင်းဆန်နေပြီး ရန်လိုမှုတွေကိုပဲ ဆက်လုပ်နေတယ်" ဟု X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
အခြားတစ်ဖက်တွင်မူ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယခုတိုက်ခိုက်မှုသည် ယူကရိန်းဘက်မှ ရုရှားနယ်နိမိတ်အတွင်းရှိ စွမ်းအင်နှင့် စက်မှုအခြေခံအဆောက်အအုံများကို ဒရုန်းဖြင့် လာရောက်တိုက်ခိုက်ခဲ့မှုအပေါ် ကလဲ့စားချေ တုံ့ပြန်ခြင်းသာဖြစ်ကြောင်း အကြောင်းပြ ပြောဆိုထားသည်။
တစ်ချိန်တည်းမှာပင် ဤပဋိပက္ခကို အဆုံးသတ်နိုင်ရန် အမေရိကန်၏ ကြားဝင်စေ့စပ်ပေးရေး ကြိုးပမ်းမှုများမှာလည်း လက်ရှိအချိန်အထိ လုံးဝအောင်မြင်မှု မရှိသေးကြောင်း သိရသည်။













Comments