top of page
Logo-Icon.png

ရုရှား-ယူကရိန်း နယ်စပ် နှစ်ဖက်စလုံးတွင် ဒရုန်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရမှုများကြောင့် အရပ်သားများ သေဆုံး

နိုင်ငံတကာ ၊ ဇွန် ၂၈ ၊ Horizons



ရုရှားနှင့် ယူကရိန်း နယ်စပ် နှစ်ဖက်စလုံးတွင် စနေနေ့က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ပြောကြားခဲ့သည်။


ရုရှားနယ်စပ် ဘရိုင်ယန့်စ် ဒေသရှိ နယ်စပ်အနီး ကျေးရွာတစ်ရွာတွင် ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်တစ်စီးပေါ်မှ အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ယာယီအုပ်ချုပ်ရေးမှူး ယီဂေါ ကာဗယ်ချွတ်ခ် က Telegram တွင် ပြောကြားခဲ့သည်။


ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ရုရှားသတင်းဌာနများက ဖော်ပြရာတွင် နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း ရုရှားပိုင်နက်ဒေသများပေါ်တွင် ယူကရိန်းဒရုန်း စုစုပေါင်း (၁၂၄) စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဘိုင်ယာနင် ကလည်း မြို့တော်သို့ ဦးတည်လာသော ယူကရိန်းဒရုန်းများကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ကြေညာချက်များ ဆက်တိုက် ထုတ်ပြန်ခဲ့ပြီး တစ်နေ့တာအတွင်း ဒရုန်း (၂၄) စင်းကို ဟန့်တားနိုင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။


ယူကရိန်းနိုင်ငံဘက်တွင်မူ အရှေ့တောင်ပိုင်း ဒနီပရိုပက်ထရော့ဗ်စ် ဒေသတွင် ဒရုန်းနှင့် လက်နက်ကြီးဖြင့် အကြိမ် (၄၀) ကျော် ပစ်ခတ်တိုက်ခိုက်ခံရမှုများကြောင့် နီကိုပိုလ် မြို့အနီးတွင် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး အိုလက်ဇန္ဒား ဂန်ဇာ က ပြောကြားခဲ့သည်။


 အဆိုပါ နီကိုပိုလ်မြို့သည် ရုရှားတို့ ထိန်းချုပ်ထားသည့် ဇာပိုရီဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် ဒနီပရိုမြစ် ၏ မျက်နှာချင်းဆိုင် တစ်ဖက်ကမ်းတွင် တည်ရှိပြီး ရုရှားတို့၏ မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံရသည့် မြို့ဖြစ်သည်။


ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း ယူကရိန်းနိုင်ငံ၊ ဆူမီ မြို့ရှိ လူနေတိုက်ခန်းတစ်ခုကို ရုရှားဒရုန်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးဌာန၏ မှတ်တမ်းများအရ သိရှိရသည်။


အခြားတစ်ဖက်တွင်လည်း ယူကရိန်းနိုင်ငံ၊ ဒိုးနက် ဒေသရှိ ရုရှားတို့ ထိန်းချုပ်ထားသော နယ်မြေများ၏ မော်စကိုခန့်အပ်ခံ အကြီးအကဲ ဒဲနစ်စ် ပူရှီလင် က ဟော်လီဗ်ကာ နှင့် မက်ကိဗ်ကာ မြို့ကြီးများတွင် ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပြောကြားထားသည်။


( ကိုးကား - CNN , Photo - Reuters )


Comments


bottom of page