လိုင်းဘွဲ့နှင့် ဘားအံရှိ ပဋိပက္ခဒဏ်ခံ တောင်သူမိသားစု ၁,၀၀၀ ကို ICRC က စိုက်ပျိုးရေးသုံးပစ္စည်းများ ထောက်ပံ့
- Horizons News

- Jun 7
- 1 min read
ဇွန် ၇ ၊ Horizons

ကရင်ပြည်နယ်၊ လိုင်းဘွဲ့နှင့် ဘားအံမြို့နယ်များရှိ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်နစ်နာခဲ့ရသည့် လယ်ယာစိုက်တောင်သူမိသားစု ၁,၀၀၀ ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် စိုက်ပျိုးရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် ကူညီပေးခြင်းသည် ပဋိပက္ခဒဏ်ခံရသည့် မိသားစုများအတွက် စားနပ်ရိက္ခာ ဖူလုံစေရုံသာမက ဘဝရပ်တည်မှုကိုပါ ပြန်လည်တည်ဆောက်နိုင်မည့် အရေးပါသော အထောက်အပံ့တစ်ခု ဖြစ်လာမည်ဖြစ်သည်။
အဆိုပါ ထောက်ပံ့ပေးအပ်မှုတွင် အရည်အသွေးမြင့် စပါးမျိုးစေ့များ၊ သဘာဝမြေဩဇာများနှင့် တာပေါ်လင်စသည့် မရှိမဖြစ်လိုအပ်သော စိုက်ပျိုးရေးသုံးပစ္စည်းများ ပါဝင်သည်။ ဤအကူအညီများကြောင့် ဒေသခံလူဦးရေ ၅,၀၀၀ ကျော်အတွက် အစားအစာဖူလုံရေးနှင့် မိသားစုဘဝ တည်ငြိမ်ရေးကို များစွာ အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ရသည်။
ထို့ပြင် တောင်သူများအနေဖြင့် စနစ်တကျ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးနည်းစနစ်များနှင့် သဘာဝမြေဩဇာ အသုံးပြုနည်း လမ်းညွှန်လက်ကမ်းစာစောင်များကိုလည်း ICRC က စပါးမျိုးစေ့များနှင့်အတူ ပူးတွဲဖြန့်ဝေပေးခဲ့သည်။
လက်ရှိအချိန်တွင် ဒေသတွင်း၌ အရည်အသွေးကောင်းမွန်သော မျိုးစပါးများ ရှာဖွေရန် ခက်ခဲနေသဖြင့် ယခုကဲ့သို့ ထောက်ပံ့မှုအပေါ် များစွာဝမ်းမြောက်မိကြောင်း ဒေသခံတောင်သူများက ဆိုသည်။
အကူအညီရရှိခဲ့သူ အသက် ၇၁ နှစ်အရွယ် တောင်သူ ဒေါ်အုန်းမြင့်က "ဒီမျိုးစေ့တွေ ရတော့ တကယ်ကို ဝမ်းသာတယ်။
ရွာမှာက အရည်အသွေးပြည့်တဲ့ မျိုးစပါးက ရှာရခက်တယ်။
သဘာဝမြေဩဇာကို ဘယ်လိုသုံးရမယ်နဲ့ စပါးမျိုးစေ့တွေရဲ့ မတူတဲ့ အနေအထားတွေကိုလည်း မျိုးစပါးနဲ့ အတူပေးတဲ့ လက်ကမ်းစာစောင်တွေကတစ်ဆင့် သိခဲ့ရတယ်" ဟု ၎င်း၏ ဝမ်းသာပီတိကို ထုတ်ဖော်ပြောကြားခဲ့သည်။



Comments