top of page
Logo-Icon.png

ဟော်မုဇ်ရေလက်ကြားတွင် ကုန်တင်သင်္ဘောတစ်စင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကုလသမဂ္ဂ၏ ကယ်ဆယ်ရေးလုပ်ငန်းများ ယာယီရပ်ဆိုင်း

ဝါရှင်တန်၊ ဇွန် ၂၆ ၊ Horizons



ကြာသပတေးနေ့က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကုန်တင်သင်္ဘောတစ်စင်းကို အီရန်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားသည်။ 


ယင်းတိုက်ခိုက်မှုကြောင့် စစ်ပွဲစတင်ကတည်းက ပါရှန်ပင်လယ်ကွေ့အတွင်း ပိတ်မိနေသည့် သင်္ဘောသား ၁၁,၀၀၀ ကျော်ကို ကယ်ထုတ်မည့် ကုလသမဂ္ဂ၏ ကယ်ဆယ်ရေးအစီအစဉ်ကို ယာယီရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။


ယူကေ ရေကြောင်းကုန်သွယ်မှုလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်အရ အမည်မသိ ပစ်မှတ်တစ်ခုသည် သင်္ဘော၏ ညာဘက်ခြမ်းကို ဝင်ရောက်မှန်ကန်ခဲ့ပြီး သင်္ဘောဦးစီးခန်း (Bridge) ထိခိုက်ပျက်စီးခဲ့သည်။ သို့သော်လည်း လူအသေအပျောက်နှင့် ပတ်ဝန်းကျင် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သင်္ဘောကပ္ပတိန်က သတင်းပို့ထားသည်။


အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်း (IMO) အထွေထွေအတွင်းရေးမှူးချုပ် Arsenio Dominguez က အဆိုပါ တိုက်ခိုက်ခံရသည့် သင်္ဘောမှာ IMO ၏ ကယ်ဆယ်ရေးအစီအစဉ်တွင် ပါဝင်သော သင်္ဘောမဟုတ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။ 


သို့သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ၎င်းက ယခုကဲ့သို့ မှတ်ချက်ပြု ပြောဆိုထားသည်။ "သင်္ဘောသားတွေရဲ့ လုံခြုံရေးက အဓိကပါပဲ။ ဒါကြောင့် ကယ်ဆယ်ရေးအစီအစဉ်အတွက် ဘေးကင်းလုံခြုံမှု အာမခံချက် အပြည့်အဝပြန်ရတဲ့အထိ ဒီအစီအစဉ်ကို ယာယီဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်"


အီရန် ပါရှန်ပင်လယ်ကွေ့ ရေကြောင်းစီမံခန့်ခွဲမှုအဖွဲ့ကမူ ၎င်းတို့သတ်မှတ်ထားသော လမ်းကြောင်းပြင်ပမှ သွားလာသည့် သင်္ဘောများအတွက် လုံခြုံရေးအာမခံမည်မဟုတ်သလို အာမခံကြေးများလည်း ရရှိမည်မဟုတ်ကြောင်း သတိပေးထားသည်။


ယခုဖြစ်စဉ်သည် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး၊ အီရန်အပေါ် ငွေကြေးပိတ်ဆို့မှုအချို့ ဖြေလျှော့ရေးနှင့် နျူကလီးယားအစီအစဉ်များ ပါဝင်သည့် (၁၄) ချက်ပါ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို အမေရိကန်နှင့် အီရန်တို့ သဘောတူညီမှုရရှိပြီးနောက် ရက်ပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 


ယင်းသဘောတူညီချက်များကြောင့် စံချိန်တင် မြင့်တက်ခဲ့သော အမေရိကန်ရေနံဈေးနှုန်းများမှာလည်း စစ်ပွဲစတင်ချိန်မှစ၍ အနိမ့်ဆုံးအဆင့်သို့ ပြန်လည်ကျဆင်းသွားခဲ့ကြောင်း သိရသည်။


Comments


bottom of page