ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ တိုက်ခိုက်ခံရမှုကြောင့် အီရန်စစ်ရေးပစ်မှတ်များကို အမေရိကန် လေကြောင်းမှ လက်တုံ့ပြန်တိုက်ခိုက်
- Horizons News

- Jul 8
- 1 min read
ဇူလှိုင် ၈ ၊ Horizons

ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်သွယ်ရေးသင်္ဘောများ တိုက်ခိုက်ခံရမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ဗဟိုစစ်ဌာနချုပ် က ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့တွင် အီရန်နိုင်ငံတောင်ပိုင်းရှိ စစ်ရေးပစ်မှတ်ပေါင်း ၈၀ ကျော်ကို လေကြောင်းမှ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုများအတွင်း ဟော်မုဇ်ရေလက်ကြားအနီးရှိ ဆီရစ်ခ် ဆိပ်ကမ်းမြို့မှ တာဟီရိုရီ ဆိပ်ခံတံတား၊ ကက်ရှ်မု ကျွန်း၊ ဘန္ဒရ်အာဘတ်စ် မြို့များနှင့် အီရန်၏ အဓိက ရေနံတင်ပို့ရာ ခါ့ခ် ကျွန်းတို့ရှိ စစ်ရေးပစ်မှတ်များ အဓိက ပါဝင်ခဲ့သည်။
ထိုအထဲတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ကွပ်ကဲမှုဗဟိုဌာနများ၊ ရေဒါစခန်းများနှင့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ၏ စစ်ရေယာဉ်ငယ် ၆၀ ကျော်ကို ထိမှန်ချေမှုန်းနိုင်ခဲ့ကြောင်း အမေရိကန်ဘက်က အတည်ပြုထားသည်။
အီရန်နိုင်ငံပိုင်မီဒီယာများကမူ ဆီရစ်ခ်မြို့ ဆိပ်ခံတံတားအနီးသို့ ဒုံးကျည် (၆) စင်းထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါ စစ်ရေးအရ လက်တုံ့ပြန်မှုသည် ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းက ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာနေသည့် ကာတာ၊ ဆော်ဒီအာရေးဘီးယားနှင့် လိုင်ဘေးရီးယားနိုင်ငံပိုင် ကုန်တင်သင်္ဘော (၃) စီးကို အီရန်ဘက်က ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုအပြင် အမေရိကန်အစိုးရသည် အီရန်၏ ရေနံတင်ပို့ခွင့်ဆိုင်ရာ ပိတ်ဆို့မှု ကင်းလွတ်ခွင့်ကိုလည်း ချက်ချင်း ပြန်လည်ရုပ်သိမ်းကာ စီးပွားရေးအရပါ ထပ်မံပိတ်ဆို့မှုများ ပြုလုပ်လိုက်သည်။
အမေရိကန်၏ ယခုတိုက်ခိုက်မှုအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်သည်ဟု ကန့်ကွက်ခဲ့ပြီး နောက်ဆက်တွဲ ဆိုးကျိုးများအားလုံးမှာ အမေရိကန်တွင်သာ တာဝန်ရှိကြောင်း တုံ့ပြန်ထားသည်။
အခြားတစ်ဖက်တွင်လည်း ကာတာနိုင်ငံက အီရန်၏ သင်္ဘောများအပေါ် တိုက်ခိုက်မှုကို နိုင်ငံတကာဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုအဖြစ် ပြစ်တင်ရှုတ်ချခဲ့သည်။
ယခုဖြစ်စဉ်များကြောင့် ပြီးခဲ့သည့်လကမှ ရရှိထားသော အပစ်အခတ်ရပ်စဲရေး မူဘောင်မှာ ပျက်ပြယ်သွားခဲ့ပြီး ဒေသတွင်း၌ စစ်ရေးတင်းမာမှုများ စိုးရိမ်ဖွယ်ရာ အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။
(ကိုးကား - CNA / Reuters)



Comments