မလေးရှားနိုင်ငံ ကလန်မြို့တွင် 'Op Mega' စစ်ဆင်ရေးဖြင့် မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြားသား ၁,၀၀၀ ကျော် ဖမ်းဆီးခံရ
- Horizons News

- 4 days ago
- 1 min read
ကလန် ၊ ဇူလိုင် ၁၃ ၊ Horizons

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်မြို့ (Klang) ရှိ ဘတ်စ်ကားဂိတ်နှင့် ပတ်ဝန်းကျင်တစ်ဝိုက်တွင် ဇူလိုင်လ ၁၂ ရက် မွန်းလွဲ ၁၂ နာရီခန့်က မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) ဦးဆောင်သော ဌာနစုံ ပူးပေါင်းအဖွဲ့က ‘Op Mega’ အမည်ရ အကြီးစား ရှောင်တခင် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားများ အပါအဝင် တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား ၁,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အဆိုပါ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမှုများအတွင်း မြန်မာနိုင်ငံသားများအပြင် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် အိန္ဒိယနိုင်ငံသား အများအပြား ပါဝင်ကြောင်း မလေးရှားအာဏာပိုင်များက အတည်ပြုထားသည်။
အထူးသဖြင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည်ဟု ယူဆရသော အခန်း ၂၀ ပါ ဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်း ရှာဖွေရာတွင် ကွန်ဒုံးများ၊ ချောဆီများနှင့် လိင်ပိုင်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အများအပြား သိမ်းဆည်းရမိခဲ့ပြီး သန့်စင်ခန်းအတွင်း ပုန်းအောင်းနေသည့် အသက် ၃၂ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ယခုစစ်ဆင်ရေးအတွင်း တရားမဝင် နေထိုင်သူများကိုသာမက မြို့လယ်ခေါင်၌ စည်းကမ်းမဲ့ ဥပဒေချိုးဖောက်နေမှုများကိုပါ တစ်ပါတည်း ဖော်ထုတ်နိုင်ခဲ့သည်။
ကွမ်းယာဆိုင်ဟန်ပြ၍ ငွေစက္ကူများအတွင်း ညှပ်ကာ မူးယစ်ဆေးဝါး (Syabu) များ လျှို့ဝှက်ရောင်းချနေမှု၊ လိုင်စင်မဲ့ အရက်နှင့် စီးကရက် မှောင်ခိုရောင်းချနေမှုများကိုလည်း တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ အချို့သော အရောင်းဆိုင်များတွင် အမဲသားနှင့် နွားခေါင်းများကို ကြမ်းပြင်ပေါ်၌ ပုံ၍ ရောင်းချနေခြင်းကြောင့် အနံ့ဆိုးများ ထွက်ပေါ်နေကာ ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့်အပြင် အစားအသောက် ကိုင်တွယ်မှုစံနှုန်းများနှင့် လုံးဝလွဲချော်နေသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံခြားသား ၁,၀၀၀ ကျော်လုံးကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေးယူနိုင်ရန် ဆလန်ဂေါ လူဝင်မှုကြီးကြပ်ရေးရုံးသို့ ပို့ဆောင်ထားပြီး စာရွက်စာတမ်း အထောက်အထားများကို အသေးစိတ် စစ်ဆေးလျက်ရှိသည်။
မလေးရှားအာဏာပိုင်များဘက်ကလည်း နိုင်ငံအတွင်းရှိ တရားမဝင် နေထိုင်သူများနှင့် တရားမဝင် လုပ်ငန်းများကို ဆက်လက် နှိမ်နင်းသွားမည်ဟု ပြတ်သားစွာ သတိပေး ထုတ်ပြန်ထားသည်။







Comments