top of page
Logo-Icon.png

အီရန်ထိပ်တန်းခေါင်းဆောင် ခါမေနီ၏ နိုင်ငံတော်အဆင့် ရက်ရှည်ဈာပနကို မြို့ကြီး (၅) မြို့တွင် တစ်ပတ်တိုင် ကျင်းပနေ

တီဟီရန် ၊ ဇူလိုင် ၃ ၊ Horizons



အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ကွယ်လွန်ခဲ့သည့် အီရန်နိုင်ငံ၏ သြဇာအကြီးဆုံး အဓိပတိခေါင်းဆောင်ဟောင်း အယာတိုလာ အလီ ခါမေနီ (Ali Khamenei) အတွက် လူဦးရေ သန်းနှင့်ချီ တက်ရောက်မည့် နိုင်ငံတော်အဆင့် ရက်ရှည်ဈာပန အခမ်းအနားကြီးကို မြို့တော် တီဟီရန် (Tehran) တွင် စတင်ကျင်းပနေပြီဖြစ်သည်။


အဆိုပါ နိုင်ငံတော်အဆင့် ဈာပနခရီးစဉ်ကို အီရန်နှင့် အီရတ်နိုင်ငံတို့ရှိ မြို့ကြီး (၅) မြို့ထက်မနည်းတွင် ဇူလိုင်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ တစ်ပတ်တိုင်တိုင် ရက်ရှည် လှည့်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အသက် (၈၆) နှစ်အရွယ် ခေါင်းဆောင်ကြီး အလီ ခါမေနီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နှောင်းပိုင်းက အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် ပူးတွဲစစ်ပွဲ စတင်ဆင်နွှဲချိန် လေကြောင်းတိုက်ခိုက်မှုအတွင်း ၎င်း၏ မိသားစုဝင်များနှင့်အတူ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။


စစ်ပွဲနှင့် စစ်ရေးအခြေအနေများကြောင့် ဈာပနကျင်းပရန် (၄) လနီးပါး ကြန့်ကြာခဲ့ရပြီးနောက်၊ ယခုရရှိထားသည့် ရက်ပေါင်း (၆၀) ကြာ ယာယီအပစ်အခတ်ရပ်စဲရေး ကာလအတွင်း အီရန်ပြည်သူများ၏ မျိုးချစ်စိတ်နှင့် စည်းလုံးညီညွတ်မှုကို ကမ္ဘာသိပြသရန်အတွက် အစိုးရက ယခုကဲ့သို့ အကြီးအကျယ် စီစဉ်ကျင်းပခြင်းဖြစ်သည်။


တီဟီရန်မြို့တော်ရှိ ဗလီကြီးအတွင်း ခင်းကျင်းထားသော ခါမေနီ၏ ရုပ်ကလပ်ထည့်သွင်းထားသည့် ခေါင်းတလားပေါ်တွင် သွေးကြွေးဆပ် ကလဲ့စားချေမည်ဟူသော အဓိပ္ပာယ်ရသည့် "ဧရာမအနီရောင်အလံ" ကို ခြုံလွှမ်းပြသထားသည်။ 


ထို့အပြင် လပေါင်းများစွာ လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည့် အီရန်၏ သြဇာကြီး ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး အာမက် ဗာဟီဒီ (Ahmad Vahidi) သည်လည်း ယခုဈာပနပြင်ဆင်ရေးအတွက် ပထမဆုံးအကြိမ် လူလုံးပြ ထွက်ပေါ်လာခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။



ထူးခြားမှုတစ်ခုအနေဖြင့် ယခုဈာပန ကျင်းပသည့်အချိန်သည် အမေရိကန်နိုင်ငံ၏ (၂၅၀) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကာလနှင့်လည်း တိုက်ဆိုင်နေသည်။ 


အီရန်အာဏာပိုင်များသည် စစ်ပွဲနှင့် စီးပွားရေးကျပ်တည်းမှုဒဏ်ကို ခံနေရသည့်ကြားကပင် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ အစိုးရဝန်ထမ်းများ၊ စစ်သားများနှင့် ပြည်သူလူထုအင်အား အလုံးအရင်းဖြင့် ယခုဈာပနကို ဘာသာရေးအသွင်ဖြင့် ခမ်းနားထည်ဝါစွာ စီစဉ်ခဲ့ကြသည်။


ယခုကဲ့သို့ ကျင်းပပြသလိုက်ခြင်းသည် အမေရိကန်အစိုးရသစ်ထံသို့ အီရန်အစိုးရအနေဖြင့် ရေရှည်တည်တံ့ ခိုင်မြဲနေမည်ဖြစ်ပြီး မည်သည့်အခါမျှ ဒူးထောက်အညံ့ခံမည် မဟုတ်ကြောင်း ပြင်းထန်သော စိန်ခေါ်မှုသဝဏ်လွှာ ပေးပို့လိုက်ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။



Comments


bottom of page