အင်ဒိုနီးရှား ပါပူအာတွင် ခွဲထွက်ရေးသူပုန်များက အမေရိကန်လေယာဉ်မှူးတစ်ဦးကို ပစ်သတ်
- Horizons News

- Jul 4
- 1 min read
ပါပူအာ ၊ ဇူလိုင် ၄ ၊ Horizons

အင်ဒိုနီးရှားနိုင်ငံ၊ မငြိမ်မသက်ဖြစ်နေသော ပါပူအာ (Papua) အရှေ့ပိုင်းဒေသတွင် ခွဲထွက်ရေး လက်နက်ကိုင်သူပုန်များ၏ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရသည့် အမေရိကန်လူမျိုး လေယာဉ်မှူးတစ်ဦး၏ ရုပ်အလောင်းကို အင်ဒိုနီးရှားစစ်တပ်က ပြန်လည်ဆယ်ယူပြီး ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဇူလိုင်လ ၃ ရက်နေ့တွင် ပါပူအာအခြေစိုက် စစ်ဘက်ပြောခွင့်ရသူ ဝီရ်ယာ အာတာဒီဂူနာ (Wirya Artadiguna) က အတည်ပြုထုတ်ပြန်သည်။
အဆိုပါ ဖြစ်စဉ်သည် ပါပူအာကုန်းမြင့်ပြည်နယ်၊ ယာဟူကီမို (Yahukimo) ဒေသရှိ လေဆိပ်ငယ်တစ်ခုတွင် ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံရသူမှာ PT AMA အရပ်ဘက်လေကြောင်းလိုင်းမှ အမေရိကန်နိုင်ငံသား လေယာဉ်မှူး နီကိုးလပ်စ် (Nicholas F. Gosselin) ဖြစ်သည်။
အနောက်ပါပူအာ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TPNPB) လက်နက်ကိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆက်ဘီ ဆမ်ဘွမ် (Sebby Sambom) က ၎င်းတို့အနေဖြင့် အဆိုပါလေယာဉ်မှူးကို ပစ်သတ်ခဲ့ပြီး လေယာဉ်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဒေသခံခရီးသည် ၇ ဦးစလုံးကို ဘေးကင်းစွာ ပြန်လွှတ်ပေးခဲ့သော်လည်း လေယာဉ်မှူးကိုမူ ပစ်သတ်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့၏ လွတ်လပ်ရေးသင်္ကေတဖြစ်သော 'Morning Star' အလံကို လွှင့်ထူ၍ တိုက်ခိုက်မှုကို ကြေညာသည့် ဗီဒီယိုဖိုင်ကိုလည်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ အရပ်ဘက်လေယာဉ်သည် အင်ဒိုနီးရှားစစ်ဘက်ဆိုင်ရာ အရာရှိများကို မကြာခဏ လာရောက်ပို့ဆောင်ပေးနေသည့်အတွက် ၎င်းတို့အဖွဲ့၏ ရာဇသံကို ချိုးဖောက်ခြင်းဖြစ်ကြောင်း TPNPB အဖွဲ့က စွပ်စွဲထားသည်။
အကယ်၍ အင်ဒိုနီးရှားအစိုးရအနေဖြင့် ၎င်းတို့ထိန်းချုပ်ရာ ပါပူအာဒေသတွင်းရှိ အနီရောင်နယ်မြေများသို့ အရပ်ဘက်လေယာဉ်များ ဝင်ရောက်ခွင့် ဆက်လက်ပေးနေမည်ဆိုပါက နောက်ထပ်တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။
ယခုတိုက်ခိုက်မှုသည် အင်ဒိုနီးရှားစစ်တပ်ကို ကူညီနေသည့် လေကြောင်းလိုင်းများကို သတိပေးခြင်းဖြစ်သလို အင်ဒိုနီးရှားစစ်တပ်နှင့် TPNPB အဖွဲ့ကြား ဖြစ်ပွားနေသည့် ပါပူအာပဋိပက္ခ၏ အရင်းအမြစ်ပြဿနာများကို ဖြေရှင်းရန် ပျက်ကွက်နေသည့် အမေရိကန်နှင့် အင်ဒိုနီးရှားအစိုးရတို့ထံသို့ ပေးပို့လိုက်သည့် "သတင်းစကား" တစ်ခုဖြစ်သည်ဟု သူပုန်ပြောခွင့်ရသူက ဆိုသည်။
ပါပူအာသူပုန်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကလည်း နယူးဇီလန်လေယာဉ်မှူး ဖိလစ်မဲရ်တန်စ် (Phillip Mehrtens) ကို ပြန်ပေးဆွဲခဲ့ဖူးပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်မှ ပြန်လည်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ဖူးသည်။
(ကိုးကား - Reuters)













Comments