top of page
Logo-Icon.png

အမေရိကန်က အီရန်ကို ထပ်မံတိုက်ခိုက်၊ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ကြောင်း အီရန်ကြေညာပြီး ပင်လယ်ကွေ့နိုင်ငံများပါ တိုက်ခိုက်ခံရ

ဝါရှင်တန် ၊ ဇူလိုင် ၁၂ ၊ Horizons



အီရန်နိုင်ငံက ကုန်တင်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်စစ်တပ်က အီရန်အပေါ် ထပ်မံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အီရန်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ထပ်မံပိတ်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပြီး ပင်လယ်ကွေ့နိုင်ငံအချို့လည်း တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။


ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်နှင့် အီရန်တို့ကြား အပြန်အလှန် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက စတင်ခဲ့သည့် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်ရန် ရည်ရွယ်ထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြီးဆုံးပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ 


သို့သော်လည်း ဆွေးနွေးညှိနှိုင်းမှုများအတွက်မူ တံခါးဖွင့်ထားဆဲဖြစ်သည်ဟု ဆိုသည်။


တနင်္ဂနွေနေ့က အီရန်သည် ခွင့်ပြုချက်မရှိသော လမ်းကြောင်းမှ ဖြတ်သန်းသွားလာနေသည့် ဆိုက်ပရပ်စ်နိုင်ငံအလံလွှင့်ထူထားသော "M/V GFS Galaxy" ကုန်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် သင်္ဘော၏ စက်ခန်းမှာ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး အရပ်သား သင်္ဘောသားတစ်ဦး ပျောက်ဆုံးနေကြောင်း အမေရိကန် ဗဟိုကွပ်ကဲမှုဌာန က အတည်ပြုခဲ့သည်။


ယင်းနောက် မကြာမီမှာပင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့  က ဂျော်ဒန်နိုင်ငံရှိ အမေရိကန်မဟာမိတ်စခန်းတစ်ခုမှ ကွပ်ကဲရေးစင်တာနှင့် ဒရုန်းရုံများကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ 


ထို့ပြင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် အီရန်ဘက်မှပစ်ခတ်လာသော ဒရုန်းများနှင့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနေရကြောင်း၊ ကာတာနိုင်ငံကလည်း ဒုံးကျည်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း၊ ဘာရိန်းနိုင်ငံတွင် သတိပေးဥဩသံများ ထွက်ပေါ်လာပြီး ဒိုဟာမြို့တွင်လည်း ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။


အီရန်အစိုးရကမူ ဟော်မုဇ်ရေလက်ကြားကို "အမေရိကန်တို့ ဒေသတွင်း ဝင်ရောက်စွက်ဖက်မှု ပြီးဆုံးချိန်အထိ" ပိတ်ထားမည်ဖြစ်ကြောင်းနှင့် အီရန်အား လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်လာပါက ပြင်းထန်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။ 


စစ်ပွဲမစတင်မီက ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် စုစုပေါင်း၏ ၅ ပုံ ၁ ပုံခန့် တင်ပို့ရာ အဓိကရေလမ်းကြောင်းဖြစ်သော ယင်းရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်ခြင်းကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ (အထူးသဖြင့် ဓာတ်ဆီဈေးနှုန်း) ရုတ်တရက် မြင့်တက်သွားခဲ့ပြီး စီးပွားရေးကျဆင်းလာနိုင်သည့် စိုးရိမ်မှုများလည်း မြင့်တက်လာနေသည်။


လက်ရှိတွင် အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး၊ စေ့စပ်သူများက သင်္ဘောများ လုံခြုံစွာဖြတ်သန်းနိုင်ရေးအတွက် နည်းပညာနှင့် နိုင်ငံရေးအဆင့် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


တစ်ချိန်တည်းမှာပင် အီရန်၏ အဓိပတိခေါင်းဆောင်သစ် အယာတိုလာ မိုဂျတာဘာ ခါမေနီ က စစ်ပွဲအစပိုင်းတွင် အသတ်ခံခဲ့ရသော ၎င်း၏ဖခင်ဖြစ်သူ အယာတိုလာ အလီ ခါမေနီ  ၏ သေဆုံးမှုအတွက် မည်သို့ပင်ဖြစ်စေ လက်စားချေသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

Comments


bottom of page