အမေရိကန်နှင့် အီရန် သဘောတူညီချက်ရရှိ၊ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်မည်
- Horizons News

- Jun 15
- 1 min read
ဝါရှင်တန်၊ ဇွန် ၁၅ ၊ Horizons

အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ်အဖြစ် အီရန်ဆိပ်ကမ်းများအပေါ် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုများကို ရုပ်သိမ်းကာ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်မည့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။
အဆိုပါ သဘောတူညီချက်ကို လာမည့်သောကြာနေ့တွင် ဆွစ်ဇာလန်နိုင်ငံ၌ လက်မှတ်ရေးထိုးမည်ဖြစ်ပြီး ချက်ချင်း အသက်ဝင်မည်ဖြစ်သည်။
လာမည့် ရက် (၆၀) ကြာ ဆွေးနွေးပွဲများအတွင်း အီရန်အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများအားလုံး (ကုလသမဂ္ဂနှင့် IAEA ဆုံးဖြတ်ချက်များ အပါအဝင်) ရုပ်သိမ်းရေးသည် မိမိတို့၏ အဓိကဦးစားပေးဖြစ်ကြောင်း အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားသည်။
သို့သော် အမေရိကန်က ပိတ်ဆို့ထားသော ရန်ပုံငွေများကို ပြန်လွှဲပေးမှသာ ဆွေးနွေးပွဲစတင်မည်ဟူသော အီရန်၏ ပြောဆိုချက်ကိုမူ အမေရိကန်တာဝန်ရှိသူတစ်ဦးက ငြင်းဆိုထားသည်။
ယခုသဘောတူညီချက်နှင့် ပတ်သက်၍ အစ္စရေးဘက်က တရားဝင်မှတ်ချက်ပေးခြင်း မရှိသေးသော်လည်း တနင်္ဂနွေနေ့အစောပိုင်းက ဘေရွတ်မြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ သမ္မတထရမ့်ကမူ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား "အလွန်ခက်ခဲသူ" ဟု ဝေဖန်ပြောဆိုခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် ရေနံတင်ပို့မှုများ ပြန်လည်လည်ပတ်နိုင်တော့မည့် မျှော်လင့်ချက်ကြောင့် ကမ္ဘာ့ရေနံဈေးကွက်တွင် ရေနံစိမ်းဈေးနှုန်းများ (၄ ရာခိုင်နှုန်းကျော်အထိ) ထိုးကျသွားခဲ့ပြီး၊ အာရှစတော့ရှယ်ယာဈေးကွက်များ (ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် တရုတ်) တွင်မူ စံချိန်တင် မြင့်တက်လာခဲ့သည်။
သို့သော် ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်လျှင်ပင် ကုန်သွယ်မှုစီးဆင်းမှုများ ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် လပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
ကိုးကား - CNN



Comments