top of page
Logo-Icon.png

ဥရောပ စံချိန်တင်အပူလှိုင်းကြောင့် ပြင်သစ်တွင် သေဆုံးသူ (၁,၀၀၀) ကျော်လာပြီး အဆိုးရွားဆုံး သက်ရောက်မှုများနှင့် ရင်ဆိုင်နေရ

ပါရီ ၊ ဇွန် ၂၈ ၊ Horizons



ဥရောပတစ်ဝန်းလုံးတွင် စံချိန်တင် ပြင်းထန်လျက်ရှိသော အပူလှိုင်းဖြတ်သန်းမှုကြောင့် ပြင်သစ်နိုင်ငံ၌ အပူဒဏ်ခံစားရပြီး သေဆုံးသူဦးရေ (၁,၀၀၀) ကျော်အထိ မြင့်တက်လာပြီဖြစ်ကြောင်း ဇွန်လ ၂၈ ရက်နေ့တွင် Reuters သတင်းဌာနက ဖော်ပြခဲ့သည်။


ပြင်သစ်ပြည်သူ့ကျန်းမာရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရ လက်ရှိ မှတ်တမ်းတင်ထားနိုင်သည့် သေဆုံးသူဦးရေမှာ (၁,၀၀၀) ကျော်ရှိနေပြီဖြစ်သော်လည်း မြေပြင်အခြေအနေတွင် အမှန်တကယ် သေဆုံးမှုကိန်းဂဏန်းမှာ ယခုထက် များစွာပိုမိုမြင့်မားနိုင်ဖွယ်ရှိကြောင်း သတိပေးထားသည်။ သေဆုံးသူအများစုမှာ အပူဒဏ်ကို ခံနိုင်ရည်စွမ်းနည်းပါးသည့် သက်ကြီးရွယ်အိုများဖြစ်ကြပြီး ရှေ့ဆက်၍လည်း သေဆုံးမှုနှုန်း ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။


ယခုအပူလှိုင်းကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရသည့်အပြင် ဥရောပတစ်ဝန်းလုံးတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းစဉ်များ အနှောင့်အယှက်ဖြစ်ပေါ်ကာ လျှပ်စစ်မီးရရှိရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အပြင် ပြင်းထန်လှသော အပူရှိန်ကြောင့် ဒေသတွင်းရှိ အခြေခံအဆောက်အအုံများစွာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေသည်။


ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ကတည်းက စတင်ခဲ့သော ယခုအပူလှိုင်းသည် ဥရောပသမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော အခြေအနေဖြစ်ကြောင်း သိပ္ပံပညာရှင်များက ထောက်ပြထားသည်။

 လက်ရှိ ကမ္ဘာ့ရာသီဥတုသည် ပျမ်းမျှသတ်မှတ်ထားသည့်နှုန်းထက် ပိုမိုမြန်ဆန်စွာ ပြောင်းလဲဖောက်ပြန်လာနေပြီး၊ ယခုဖြစ်စဉ်သည် ရာသီဥတုပြောင်းလဲမှု (Climate Change) ၏ သိသာထင်ရှားသော သက်ရောက်မှုတစ်ခုဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ပြောကြားထားသည်။


Comments


bottom of page