ဥရောပတစ်ဝန်း စံချိန်တင် အပူလှိုင်းဖြတ်သန်းမှုကြောင့် သေဆုံးသူ ၁,၃၀၀ ကျော်အထိ မြင့်တက်လာ
- Horizons News

- Jun 30
- 1 min read
ဥရောပ ၊ ဇွန် ၃၀ ၊ Horizons

ဥရောပတိုက်တစ်ဝန်းတွင် စံချိန်တင် အပူချိန်မြင့်တက်နေမှုများနှင့်အတူ ပြင်းထန်သော အပူလှိုင်းဒဏ်ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ အနည်းဆုံး ၁,၃၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရေးပေါ် သတိပေးထုတ်ပြန်လိုက်သည်။
လတ်တလော ရက်ပိုင်းအတွင်း ဥရောပနိုင်ငံအများအပြား၌ အပူချိန်များမှာ လွန်ကဲစွာ မြင့်တက်လျက်ရှိပြီး ယခုဖြစ်စဉ်သည် ဥရောပသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တစ်ခု ဖြစ်လာနေသည်။
အထူးသဖြင့် ဥရောပနိုင်ငံအများစုတွင် အပူချိန်များသည် 40°C ကျော်အထိ မြင့်တက်နေပြီး ဂျာမနီနိုင်ငံတွင် အမြင့်ဆုံးအပူချိန် 41°C အထိ စံချိန်တင် ရောက်ရှိခဲ့သည်။
အဆိုပါ အပူလှိုင်းဒဏ်ကို ဗြိတိန်၊ ပြင်သစ်၊ စပိန်၊ အီတလီနှင့် ဂျာမနီနိုင်ငံတို့တွင် အဆိုးရွားဆုံး ရင်ဆိုင်နေရပြီး အပူရှိန် လွန်ကဲလွန်းသဖြင့် နိုင်ငံအချို့တွင် သဘာဝဘေးအန္တရာယ် အနီရောင်အဆင့် သတိပေးချက်များအထိ ထုတ်ပြန်ထားရသည်။
ယခုကဲ့သို့ ပြင်းထန်သော အပူလှိုင်းများ ဖြတ်သန်းနေရခြင်းသည် ကမ္ဘာကြီးပူနွေးလာမှု၏ ရလဒ်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Dr. Tedros Adhanom Ghebreyesus က သတိပေးထားသည်။
ထို့ပြင် အပူလှိုင်းနှင့်အတူ ပြင်းထန်သော တောမီးလောင်ကျွမ်းမှုများနှင့် လျှပ်စစ်မီးလိုင်း အခြေခံအဆောက်အအုံ ထိခိုက်ပျက်စီးမှုများကိုပါ ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရကြောင်း ၎င်းက ထောက်ပြထားသည်။
ပညာရှင်များ၏ သုံးသပ်ချက်အရ ဥရောပတိုက်ရှိ နေအိမ်နှင့် အဆောက်အအုံ အများစုသည် အအေးပိုင်းရာသီဥတုအတွက်သာ ရည်ရွယ်၍ အနွေးဓာတ်ထိန်းနိုင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်။
ထို့ကြောင့် လေအေးပေးစက် (Air Conditioner) တပ်ဆင်ထားမှု အလွန်နည်းပါးခြင်းက ယခုကဲ့သို့ အပူဒဏ်ကြောင့် သေဆုံးသူအရေအတွက် ရုတ်တရက် မြင့်တက်သွားစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေကြောင်း သိရသည်။
ရှေ့လာမည့်ရက်များတွင်လည်း အပူရှိန် ဆက်လက်မြင့်တက်နေဦးမည်ဟု ခန့်မှန်းရသဖြင့် ဥရောပဒေသခံများအနေဖြင့် အပူဒဏ်အန္တရာယ်ကို အထူးဂရုပြု နေထိုင်ကြရန် နိုင်ငံတကာ သတင်းဌာနကြီးများက အလေးပေး ဖော်ပြထားကြသည်။



Comments