AA နယ်မြေ ပေါက်တောနှင့် ဂွမြို့နယ်တို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ၊ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ
- Horizons News

- 3 days ago
- 1 min read
ရခိုင်ပြည်နယ် ၊ ဇူလိုင် ၁၆ ၊ Horizons

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နှင့် ဂွမြို့နယ်တို့ရှိ အရပ်သားများ နေထိုင်ရာ ဒေသများကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လျက်ရှိသည်။
ဇူလိုင်လ ၁၅ ရက် ညနေ ၇ နာရီကျော် အမှောင်ပျိုးစအချိန်တွင် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာတစ်စီးသည် ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာပေါ်သို့ လာရောက်၍ ဗုံးသီး (၂) လုံး ကြဲချခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက "ဗုံးချတဲ့အသံ ညံထွက်သွားတာ နှစ်ကြိမ်ကြားရတယ်။ မနော်သီရိရွာဘက်ကပါ။ ညနေ ၇ နာရီကျော်ကြီး လာကြဲတာ" ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် ရွာသားများ ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
စစ်ကောင်စီတပ်သည် ပေါက်တောမြို့နယ်သာမက ဂွမြို့နယ်ကိုပါ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲလျက်ရှိသည်။ ဇူလိုင် ၁၅ ရက် မွန်းလွဲပိုင်းတွင် ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟောင်းများ အခြေစိုက်ခဲ့ဖူးသော တပ်ရင်းဟောင်းနေရာများပေါ်သို့ ဗုံး (၂) လုံး ကြဲချခဲ့သည်။
၎င်းနောက် ညနေပိုင်းတွင် ဂွမြို့ပေါ် ရပ်ကွက်များကို လေကြောင်းမှ (၂) ကြိမ်တိုင်တိုင် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူတစ်ဦး ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။
စစ်ရေးအရ မြေပြင်တွင် အရေးနိမ့်နေသည့် စစ်ကောင်စီတပ်သည် AA ထိန်းချုပ်ရာ နယ်မြေများနှင့် ပြည်သူများနေထိုင်ရာ အရပ်သားပစ်မှတ်များကို ယခုကဲ့သို့ လေကြောင်းမှတစ်ဆင့် ဆက်တိုက် ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်။



Comments