top of page
Logo-Icon.png

သဲကုန်းတွင် ပြည်သူများကို PDF ဟု စွပ်စွဲငွေညှစ်နေသည့် ပျူစောထီး သန်းဦး ပစ်ခတ်ရှင်းလင်းခံရ

သဲကုန်း ၊ ဇူလိုင် ၁၈ ၊ Horizons



ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ဒေသခံပြည်သူများအား PDF ထောက်ပို့ဟု မတရားစွပ်စွဲကာ ငွေညှစ်ခြင်းနှင့် စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးခြင်းများ ပြုလုပ်နေသူ ပျူစောထီး သန်းဦးဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင်တပ်ရင်း (၂) က သတင်းထုတ်ပြန်သည်။


သဲကုန်းမြို့နယ်၊ နွယ်ကောက်အုပ်စု၊ ဈေးကုန်းကျေးရွာတွင် နေထိုင်သည့် အဆိုပါ ပျူစောထီး သန်းဦးအား ပြီးခဲ့သည့် ဇူလိုင်လ (၁၂) ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် ပြည်ခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၁) မှ ရဲဘော်များက ၎င်း၏နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။


ရှင်းလင်းခံရသူ သန်းဦးသည် နွယ်ကောက်အုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ၎င်း၏ယောက်ဖ ဝင်းနိုင် မရှိသည့်အချိန်များတွင် ကိုယ်စားဝင်ရောက်၍ ပေါ်တာဆွဲခြင်း၊ စစ်မှုထမ်းရန်အတွက် ငွေကြေးဈေးညှိခြင်းနှင့် လူစားထိုး အရောင်းအဝယ်ပြုလုပ်ခြင်းများကို ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်သည်။


ထို့ပြင် ဆင်မြီးဆွဲနယ်နှင့် ညောင်ကုန်းကျေးရွာအုပ်စုအတွင်းရှိ အခြားပျူစောထီးခေါင်းဆောင်များနှင့် ချိတ်ဆက်ကာ လူငယ်များကို ဖမ်းဆီးငွေညှစ်ခြင်း၊ စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟု အကြောင်းပြကာ ငွေကြေးလိမ်လည်တောင်းခံခြင်းများကို လုပ်ဆောင်ခဲ့သည်။ ယင်းအပြင် ဒေသခံပြည်သူများကို PDF ထောက်ပို့ဟု မတရားစွပ်စွဲ၍ ဖမ်းဆီးငွေညှစ်ခြင်းများသာမက အသက်အန္တရာယ်ပြု သတ်ဖြတ်သည့်အထိ ကျူးလွန်ခဲ့ကြောင်း သိရသည်။


ပြည်ခရိုင်တပ်ရင်း (၂) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ၎င်းအား ရှင်းလင်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်အထိုင်ချခဲ့သော်လည်း ယမန်နေ့ (ဇူလိုင်လ ၁၇ ရက်) တွင် ပြန်လည်ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။


ပြည်ခရိုင်တပ်ရင်း (၂) အနေဖြင့် ပြည်သူလူထုကို ဒုက္ခပေးနေသည့် စစ်ကောင်စီ၏ ဒေါက်တိုင် ပျူစောထီးများနှင့် ၎င်းတို့၏ အပေါင်းအပါများကို တော်လှန်ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။


Comments


bottom of page