top of page
Logo-Icon.png

ဖားကန့်တွင် ဟင်းသီးဟင်းရွက်ရှာဖွေသည့် အသက် (၅၀) အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံး

ဖားကန့် ၊ ဇူလိုင် ၁၈ ၊ Horizons



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာအနီး ဘုန်းကြီးကျောင်းဝန်းကျင်နှင့် လူသွားလမ်းဘေးတွင် ယမန်နေ့ (ဇူလိုင်လ ၁၇ ရက်) မွန်းလွဲ ၃ နာရီခန့်က ဟင်းသီးဟင်းရွက် ရှာဖွေနေသည့် ဒေသခံအမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


မိုင်းနင်းမိ၍ သေဆုံးသွားသူမှာ အသက် (၅၀) အရွယ် ဒေါ်မေကြည်ဖြစ်ပြီး၊ ၎င်းသည် ဟင်းသီးဟင်းရွက် ရှာဖွေနေစဉ် အမှိုက်ပုံကျေးရွာအနီးရှိ ယခင်ဖားကန့်-ဆန်းလင်းလမ်းနှင့် သုသာန်ဘက်သို့ သွားရာ လူသွားလမ်းဘေးတွင် ထောင်ထားသည့် မိုင်းကို နင်းမိခဲ့ခြင်း ဖြစ်သည်။ မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်မေကြည်မှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ယခုလို ပြောဆိုသည်။

"အခု မိုင်းနင်းမိတဲ့နေရာက ဒေသခံတွေ နေ့စဉ်သွားလာနေတဲ့ လမ်းဖြစ်တယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာလည်း မဟုတ်ဘဲ လူအများ သွားလာနေတဲ့လမ်းမှာ မိုင်းထောင်ထားတာကို လက်မခံနိုင်ဘူး။ အခုဆို အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီ။ ပြည်သူတွေ သွားလာနေတဲ့ နေရာတွေမှာ ဒီလိုမျိုး မိုင်းမထောင်ကြဖို့ မေတ္တာရပ်ခံချင်တယ်”


အဆိုပါပေါက်ကွဲခဲ့သည့်မိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထောင်ထားခဲ့သည့် မိုင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 


အမည်မဖော်လိုသည့် အခြားဒေသခံတစ်ဦးကလည်း စစ်ရေးအကြောင်းပြချက်ဖြင့် ပြည်သူလူထုကို အန္တရာယ်ကျရောက်စေမည့် လုပ်ရပ်များကို ရှုတ်ချကြောင်းနှင့် ဖားကန့်မြို့နယ်အတွင်း မိုင်းနင်းမိ၍ ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများ ရှိနေသော်လည်း မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ယူ၊ တာဝန်ခံမှု မရှိကြကြောင်း ဝေဖန်ပြောဆိုသည်။


ဒေသခံများ၏ အဆိုအရ ဖားကန့်မြို့နယ်အတွင်း မိုင်းအန္တရာယ်များ၊ ရှော့တိုက်ဒုံးနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်းနှင့် နေအိမ်ပျက်စီးမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၆) ရက်နေ့ကလည်း ဝေလုံကျေးရွာအတွင်း KIA အဖွဲ့မှ တပ်သား (၂) ဦး မူးယစ်ရမ်းကားကာ သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။


သို့ဖြစ်ပါ၍ ဒေသခံပြည်သူများက အရပ်သားများ အသုံးပြုနေသည့် နေရာများတွင် မိုင်းထောင်ခြင်းများ မပြုလုပ်ကြရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေးကို ထိခိုက်စေမည့် လုပ်ရပ်များကို ရှောင်ရှားကြရန် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအား တိုက်တွန်း တောင်းဆိုထားကြကြောင်း သိရှိရသည်။


Comments


bottom of page