top of page
Logo-Icon.png

Apple မှ ပြိုင်ဘက်များကို အမီလိုက်နိုင်ရန် အဆင့်မြှင့်တင်ထားသည့် 'Siri AI' ကို မိတ်ဆက်

ဇွန် ၈ ၊ Horizons


အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုမြို့တွင် တနင်္လာနေ့က ကျင်းပခဲ့သည့် (WWDC) တွင် Apple က အချိန်ကြာမြင့်စွာ နှောင့်နှေးနေခဲ့သော Siri ကို အကြီးစား အဆင့်မြှင့်တင်မှုအဖြစ် မိတ်ဆက်လိုက်သည်။


"Siri AI" ဟု အမည်ပေးထားသည့် ယခုအဆင့်မြှင့်တင်မှုသည် သီးသန့် App တစ်ခုအနေဖြင့် ပါဝင်လာမည်ဖြစ်ပြီး သုံးစွဲသူ၏ မျက်နှာပြင်ပေါ်ရှိ အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အင်တာနက်ပေါ်မှ အချက်အလက်များကို ရယူပေးခြင်းတို့ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ Apple အနေဖြင့် အခြားသော နည်းပညာကုမ္ပဏီကြီးများနှင့် AI ပြိုင်ပွဲတွင် ကွာဟချက်ကို ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ယခုကဲ့သို့ အဆင့်မြှင့်တင် မိတ်ဆက်လိုက်ခြင်းဖြစ်သည်။


အဆိုပါ Siri AI အသစ်တွင် သုံးစွဲသူများအနေဖြင့် ယခင်က Siri နှင့် ပြောဆိုခဲ့သည့် မှတ်တမ်းများကို ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်ကာ မက်ဆေ့ချ်များအတွင်း ပြောဆိုထားသော်လည်း ဖုန်းအတွင်း မှတ်သားထားခြင်းမရှိသည့် လိပ်စာကဲ့သို့သော အချက်အလက်များကိုပါ ပြန်လည်ရှာဖွေပေးနိုင်မည်ဖြစ်သည်။


လက်ရှိတွင် အခြားသော ပြိုင်ဘက်ကုမ္ပဏီများဖြစ်သည့် OpenAI ၏ ChatGPT၊ Anthropic ၏ Claude နှင့် Google ၏ Gemini တို့သည် နေ့စဉ်လုပ်ငန်းဆောင်တာများကို အလိုအလျောက် လုပ်ဆောင်ပေးနိုင်သည့် ကိုယ်ပိုင်အသိဉာဏ်ရှိ AI (Agentic AI) များဖန်တီးရာတွင် ရှေ့ရောက်နေသော်လည်း Apple ကမူ သာမန်လူများ နေ့စဉ်သုံးစွဲရာတွင် လက်တွေ့ကျကျ အသုံးဝင်မည့် လုပ်ဆောင်ချက်များကိုသာ အဓိကထား ဖန်တီးထားခြင်းဖြစ်သည်။


သို့ရာတွင် စျေးကွက်လေ့လာသူများက ဤမိတ်ဆက်မှုအပေါ် သာမန်မျှသာ တုံ့ပြန်ခဲ့ကြပြီး ကြေညာချက်ထွက်ပေါ်ပြီးနောက် Nasdaq ဈေးကွက်တွင် Apple ၏ အစုရှယ်ယာဈေးနှုန်းမှာ ၁.၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကာ ၃၀၁.၅၄ ဒေါ်လာတွင် ပိတ်သိမ်းခဲ့သည်။


Apple ၏ AI နည်းပညာအချို့အတွက် Google ၏ Gemini နည်းပညာကို အသုံးပြုထားပြီး ပိုမိုကြီးမားသည့် လုပ်ဆောင်ချက်များရှိသော Cloud စနစ်များအတွက် Nvidia ၏ ချစ်ပ်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။


သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံစေရန်အတွက် လုပ်ဆောင်ချက်အများစုကို စက်ပစ္စည်းအတွင်း၌သာ (On-device) သို့မဟုတ် ကုမ္ပဏီ၏ သီးသန့်လုံခြုံသော Cloud စနစ်များတွင်သာ လုပ်ဆောင်မည်ဖြစ်သော်လည်း မျက်နှာပြင်ပေါ်ရှိ အရာများကို စောင့်ကြည့်ခွင့်ပြုရမည်ဖြစ်၍ အဆင်ပြေမှုနှင့် လုံခြုံရေးအကြား စိုးရိမ်မှုအချို့လည်း ထွက်ပေါ်နေသည်။


ထို့အပြင် ဥရောပသမဂ္ဂ၏ ဒစ်ဂျစ်တယ်ဈေးကွက်ဆိုင်ရာ ဥပဒေများနှင့် ကိုယ်ရေးကိုယ်တာလုံခြုံမှု ပြဿနာများကြောင့် ဥရောပသမဂ္ဂ (EU) နှင့် တရုတ်နိုင်ငံတို့တွင် အဆိုပါ Siri AI ကို ကနဦး ဖြန့်ချိပေးဦးမည် မဟုတ်ကြောင်း Apple က အတည်ပြုထားသည်။


Siri အပြင် အခြားသော အဆင့်မြှင့်တင်မှုများအနေဖြင့် ကလေးငယ်များအတွက် အက်ပ်များ၊ ဝက်ဘ်ဆိုက်များနှင့် အဆက်အသွယ်များကို မိဘများက ထိန်းချုပ်နိုင်မည့် ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်အသစ်များကိုလည်း Apple က ကြေညာခဲ့သည်။


မက်ဆေ့ချ်အက်ပ်များတွင် အကြမ်းဖက်မှု သို့မဟုတ် မသင့်လျော်သော ပုံများကို အလိုအလျောက် ဝါးပေးထားမည်ဖြစ်ပြီး မိဘများထံ အသိပေးချက် ပေးပို့သွားမည်ဖြစ်သည်။ ထို့အပြင် ပုံဖန်တီးနိုင်သည့် AI ကိရိယာများနှင့် ဝက်ဘ်ဆိုက်များတွင် ပစ္စည်းများ ပြန်လည်ရောက်ရှိမှု ရှိ/မရှိ စစ်ဆေးပေးနိုင်မည့် AI လုပ်ဆောင်ချက်များကိုလည်း ၎င်းတို့၏ Safari ဘရောက်ဇာတွင် အသစ်ထပ်မံ ထည့်သွင်းပေးထားကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။


(ကိုးကား - Reuters / Photo - Reuters )

Comments


bottom of page