Equality Myanmar တည်ထောင်ခြင်း (၂၆) နှစ်ပြည့် အထိမ်းအမှတ်သို့ AAPP သဝဏ်လွှာပေးပို့
- Horizons News

- 22 hours ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၆ ၊ Horizons

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က Equality Myanmar အဖွဲ့အစည်း တည်ထောင်ခြင်း (၂၆) နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်နေ့အတွက် ဂုဏ်ပြုသဝဏ်လွှာတစ်ရပ်ကို ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ သဝဏ်လွှာတွင် Equality Myanmar အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် လွန်ခဲ့သော (၂၆) နှစ်ကတည်းက စတင်ကာ လူ့အခွင့်အရေး ယဉ်ကျေးမှု ထွန်းကားပြန့်ပွားစေရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ပညာပေးခြင်း၊ မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်း လုပ်ငန်းစဉ်များကို မရပ်မနား ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုများကို ဖော်ဆောင်ရန်အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုအဖြစ် ရှုမြင်ရကြောင်း ချီးကျူးဂုဏ်ပြုထားသည်။
သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သော AAPP နှင့် Equality Myanmar တို့သည် စတင်တည်ထောင်ချိန်မှစ၍ ယနေ့အချိန်အထိ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး လုပ်ငန်းစဉ်များတွင် အခါအားလျော်စွာ အတူတကွ လက်တွဲဆောင်ရွက်ခွင့် ရရှိခဲ့သည့်အပေါ် များစွာဂုဏ်ယူမိကြောင်းလည်း AAPP ၏ သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။
လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးတို့အတွက် မဆုတ်မနစ် ကြိုးပမ်းနေသည့် Equality Myanmar အနေဖြင့် ရည်မှန်းချက် ခရီးဆုံးတိုင်အောင် ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ယခုကဲ့သို့ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။



Comments