မော်လိုက်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး အုပ်စုဖွဲ့လုပ်ကြံခံရ၊ ထောင်အာဏာပိုင်များ ဘက်လိုက်အရေးယူမှုကြောင့် လုံခြုံရေးစိုးရိမ်ရဟု PPNM ထုတ်ပြန်
- Horizons News

- 1 day ago
- 1 min read
ကလေး ၊ ဇူလိုင် ၁၇ ၊ Horizons

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ မော်လိုက်အကျဉ်းထောင်အတွင်း ရာဇဝတ်အကျဉ်းသားများ၏ အုပ်စုဖွဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်အပေါ် ထောင်အာဏာပိုင်များက ဘက်လိုက်ကာ ထိရောက်စွာ အရေးယူခြင်းမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ (ဇူလိုင်လ ၁၇ ရက်) တွင် သတင်းထုတ်ပြန်လိုက်သည်။
တိုက်ခိုက်ခံရသူမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများအပါအဝင် ပုဒ်မ ၅၀(ည)၊ ၅၁(က)၊ ၅၀(ဈ)၊ အများပြည်သူစုဝေးမှုပုဒ်မ ၁၄၅ နှင့် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုပုဒ်မ ၆(၁) တို့ဖြင့် ထောင်ဒဏ် (၁၉) နှစ် ကျခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအာကာမင်း (အသက် ၄၆ နှစ်) ဖြစ်သည်။
၎င်းအား ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် အခန်းပြင်ပသို့ ထွက်လာစဉ် သီဟအောင်ဆိုသူက နောက်ကွယ်မှနေ၍ ရုတ်တရက် ဝင်ရောက်ထိုးနှက်ခဲ့ပြီး ပိုင်ဇင်လတ်ကပါ ပူးပေါင်းချုပ်နှောင်ကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တစ်ဖက်သတ် အကြမ်းဖက်ခံရမှုကြောင့် ကိုအာကာမင်းမှာ မျက်နှာဘယ်ဘက် မျက်စိအနီးတွင် ပြင်းထန်သော ဒဏ်ရာရရှိကာ သွေးထွက်သံယိုဖြစ်ခဲ့ပြီး (၃) ချက်တိတိ ချုပ်ခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မော်လိုက်အကျဉ်းထောင် အာဏာပိုင်များသည် တိုက်ခိုက်ခံရပြီး ဒဏ်ရာရခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုအာကာမင်းကိုသာ တိုက်နံပါတ် (၂) သို့ ချက်ချင်းပြောင်းရွှေ့ခဲ့ပြီး ကိုယ်ထိလက်ရောက် အကြမ်းဖက်ကျူးလွန်ခဲ့သည့် ရာဇဝတ်အကျဉ်းသားများကိုမူ နောက်တစ်နေ့မှသာ စစ်ဆေးမှုများပြုလုပ်ကာ ခြေကျင်းခတ်ခြင်းနှင့် ခံဝန်ကတိထိုးခိုင်းခြင်းလောက်သာ အရေးယူခဲ့ပြီး မူလနေရာတွင်ပင် ပုံမှန်အတိုင်း ဆက်ထားခဲ့ကြောင်း သိရသည်။
ယင်းသို့ အာဏာပိုင်များ၏ ကိုင်တွယ်ဖြေရှင်းပုံမှာ သိသာစွာ ဘက်လိုက်မှုရှိနေကြောင်း PPNM က ထောက်ပြထားသည်။
မော်လိုက်အကျဉ်းထောင်သည် ယခင်ကတည်းက နိုင်ငံရေးအကျဉ်းသားများကို ပစ်မှတ်ထား၍ နံပါတ်တုတ်ဖြင့်ရိုက်ခြင်း၊ ကျင်စက်ဖြင့်တို့ခြင်းနှင့် ဖိနပ်ဖြင့်ပါးရိုက်ခြင်းများ ပြုလုပ်လေ့ရှိသည့်အပြင် အကျဉ်းထောင်အတွင်း အဂတိလိုက်စားမှုများနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများလည်း ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ထို့ပြင် ရာဇဝတ်အကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများအကြား ပဋိပက္ခဖြစ်ပွားပါက နိုင်ငံရေးအကျဉ်းသားများကိုသာ ဖိနှိပ်အရေးယူပြီး ပြစ်ဒဏ်ပေးလေ့ရှိခြင်းများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသော ထောင်တစ်ခုဖြစ်ကြောင်း လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အနေဖြင့် ယခုကဲ့သို့ သေဒဏ်ကျ ရာဇဝတ်သားများ၏ နိုင်ငံရေးအကျဉ်းသားများအပေါ် အုပ်စုဖွဲ့အကြမ်းဖက်မှုနှင့် ထောင်အာဏာပိုင်များ၏ လုံလောက်မှုမရှိသော ကိုင်တွယ်မှုများသည် နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို ပြင်းထန်စွာ ခြိမ်းခြောက်နေကြောင်း ပြင်းထန်စွာ ဝေဖန်ထောက်ပြထားသည်။



Comments