top of page
Logo-Icon.png

တိုက်ပွဲမရှိဘဲ ဖာပွန်နှင့် မြိုင်-ပေါက်နယ်စပ်ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ၊ စာသင်ကျောင်းနှင့် နေအိမ် (၁၃) လုံး ပျက်စီး

ရန်ကုန် ၊ ဇူလိုင် ၁၇ ၊ Horizons



ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွဲလိုမြို့နယ်ရှိ ထီးလောသီထာကျေးရွာနှင့် မကွေးတိုင်း၊ မြိုင်-ပေါက်မြို့နယ်အစပ်ရှိ ရေနံမှော်ဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းတစ်ကျောင်းနှင့် ဒေသခံပြည်သူများ၏ နေအိမ် (၁၃) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။


Karen Peace Support Network ၏ ထုတ်ပြန်ချက်အရ ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးသည် ဖာပွန်ခရိုင်၊ ဒွဲလိုမြို့နယ်၊ ထီးလောသီထာကျေးရွာသို့ ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်းတစ်ကျောင်းနှင့် ပြည်သူတို့၏ နေအိမ် (၁၃) လုံး ထိမှန်ပျက်စီးခဲ့ရသည်။ 



ယခုတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ သေဆုံးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း ကျေးရွာနေပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။


အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ရေနံမှော်ဒေသတစ်ခုကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) မှ တာဝန်ရှိသူ ဆရာထွေးက အတည်ပြုပြောကြားသည်။


ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် တံတားဦးလေတပ်မှ ပျံတက်လာသည့် ဂျက်တိုက်လေယာဉ် (၂) စီးက မြိုင်-ပေါက်နယ်စပ်ရှိ ရေနံမှော်ဒေသကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က ဗုံးသီး (၂) လုံးခန့် ကြဲချခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိကြောင်း သိရသည်။


"ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ်တွေ ပျက်စီးတာမျိုးကိုတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကြောင်းလည်းမရှိဘူး၊ တိုက်ပွဲလည်းမရှိပါဘူး။ ဗုံးသီး ၂ လုံးလောက် ကျခဲ့တာလို့ သိရပါတယ်" ဟု အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) မှ ဆရာထွေးက ရှင်းပြသည်။ 


လက်ရှိအချိန်အထိ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။


ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ) မှ ပျံတက်လာသည့် Gyrocopter (၃) စီးက မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော်ဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


လတ်တလောတွင် စစ်ကောင်စီတပ်သည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသများကိုပါ လေကြောင်းမှ မကြာခဏ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ အရပ်သားပြည်သူများ၏ နေအိမ်များ၊ စာသင်ကျောင်းများနှင့် အရပ်ဘက်အဆောက်အအုံများ ထိမှန်ပျက်စီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။


Comments


bottom of page