ERO များနှင့် လျှို့ဝှက်တွေ့ဆုံမှုသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် 'ဂိမ်းအလှည့်အပြောင်း' ဖြစ်လာနိုင်ဟု အာဆီယံအထူးကိုယ်စားလှယ် ဆို
- Horizons News

- 5 days ago
- 1 min read
ပတ္တယား ၊ ဇူလိုင် ၁၄ ၊ Horizons

ထိုင်းနိုင်ငံ၊ ပတ္တယားမြို့တွင် ပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EROs) ၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် လျှို့ဝှက်တံခါးပိတ် ဆွေးနွေးပွဲသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကြီးအကျယ် ပြောင်းလဲပစ်နိုင်မည့် အလားအလာရှိသော 'ဂိမ်းအလှည့်အပြောင်း တစ်ခု ဖြစ်လာနိုင်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထာရီဆာ လာဇာရိုက ပြောကြားလိုက်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် တိုက်ရိုက်တွေ့ဆုံခဲ့သည့် အဆိုပါ တံခါးပိတ်ဆွေးနွေးပွဲသို့ အထူးကိုယ်စားလှယ် မစ္စ လာဇာရိုနှင့်အတူ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ သီဟဆတ် ဖူအန်ကတ်ကေအို တို့ တက်ရောက်ခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်များနှင့် အဖွဲ့လိုက် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တက်ရောက်ခဲ့သည့် တိုင်းရင်းသားအဖွဲ့အမည်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း တွေ့ဆုံခဲ့သည့် အဖွဲ့အားလုံးမှာ ငြိမ်းချမ်းရေးလမ်းကြောင်းဆီ ဦးတည်ရန် လမ်းဖွင့်ထားကြကြောင်း သိရသည်။
ယင်း လျှို့ဝှက်ဆွေးနွေးပွဲ မတိုင်မီ တစ်ရက်အလို (ဇူလိုင်လ ၁၂ ရက်) က ဘန်ကောက်မြို့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့အကြား အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံသည့် အလွတ်သဘော ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့သေးသည်။ ထိုဆွေးနွေးပွဲတွင် လာမည့်နှစ် နှောင်းပိုင်း၌ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့များကို မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရန် စစ်ကောင်စီဘက်က သဘောတူခဲ့သည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်ပြီး ၎င်းအား 'ညီအစ်မတစ်ဦးကဲ့သို့ စောင့်ရှောက်သွားမည်' ဟု ဦးတင်မောင်ဆွေက ပြောကြားခဲ့ကြောင်း အာဆီယံအထူးကိုယ်စားလှယ်က သတင်းထောက်များကို ပြန်လည်ပြောပြခဲ့သည်။
သို့သော် မြေပြင်အခြေအနေတွင်မူ ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့က စစ်ကောင်စီခေါ်ယူထားသည့် လွှတ်တော်တုတွင် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်သည် မြန်မာ့နိုင်ငံရေး အခြေအနေမှန်ကို မထင်ဟပ်ဟုဆိုကာ ပြန်လည်သုံးသပ်ရန် အရေးကြီးအဆိုတစ်ရပ်ကို အတည်ပြုထားခဲ့သည်။
ယင်းလုပ်ရပ်မှာ နိုင်ငံတကာမျက်နှာစာတွင် တရားဝင်မှုရရှိရန် ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြ၍ မျက်နှာချိုသွေးနေသော်လည်း ပြည်တွင်း၌မူ အာဆီယံမူ (၅) ရပ်ကို ပယ်ချရန် လမ်းခင်းနေသည့် စစ်ကောင်စီ၏ 'မျက်နှာနှစ်ဖက်ဗျူဟာ' သာဖြစ်ကြောင်း ဝေဖန်မှုများ ပြင်းပြင်းထန်ထန် ထွက်ပေါ်လျက်ရှိသည်။
လက်ရှိတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ပုံမှန်ဆက်ဆံရေးပြန်ဖြစ်ရန် တွန်းအားပေးနေသည့် ထိုင်းနိုင်ငံနှင့် အာဆီယံဘုံသဘောတူညီချက်များကို ထိရောက်စွာ မလိုက်နာမချင်း စစ်ကောင်စီကို အစည်းအဝေးများသို့ ပေးမဝင်ရန် ရပ်တည်နေသည့် စင်ကာပူနိုင်ငံတို့အကြား အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုအချို့ ရှိနေဆဲဖြစ်သည်။
ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် အာဆီယံအစည်းအဝေးမတိုင်မီ စစ်ကောင်စီအနေဖြင့် အာဆီယံမူ (၅) ချက်ကို မည်မျှလိုက်နာသည်ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုထားသည်။
မည်သို့ပင်ဆိုစေကာမူ အာဆီယံအနေဖြင့် စစ်ကောင်စီ၏ ပြောကြားချက်များကိုသာ တစ်ဖက်သတ် နားမထောင်တော့ဘဲ မြေပြင်တွင် အမှန်တကယ် စစ်ရေး၊ နိုင်ငံရေး အင်အားရှိသည့် တိုင်းရင်းသားလက်နက်ကိုင် (ERO) ခေါင်းဆောင်များနှင့် တိုက်ရိုက် လျှို့ဝှက်တွေ့ဆုံဆွေးနွေးလာခြင်းမှာ စစ်ကောင်စီ၏ သံတမန်ရေးရာ ကစားကွက်ကို ကျော်ဖြတ်၍ အဖြေရှာရန် ကြိုးပမ်းလာသည့် ထူးခြားသော သံတမန်ရေးရာ အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း သံတမန်အသိုင်းအဝိုင်းက သုံးသပ်ထားကြသည်။



Comments