top of page
Logo-Icon.png

KIA ဗိုလ်မှူး ဂျာလီအောင်အား ရှေ့တန်းစစ်ဒေသတာဝန်မှ ရပ်စဲပြီး လိုင်ဇာရုံးချုပ်သို့ ပြန်လည်ခေါ်ယူစစ်ဆေး

လိုင်ဇာ ၊ ဇူလိုင် ၁၃ ၊ Horizons



ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၇) လှုပ်ရှားနယ်မြေ (B-7) တွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူး ဒူကဘာ ဂျာလီအောင် (Du Up Ja Li Awng) အား ရှေ့တန်းစစ်ဒေသတာဝန်များမှ ရပ်စဲလိုက်ပြီး လိုင်ဇာရုံးချုပ်၊ စစ်ဘက်ရေးရာဌာနချုပ် (Dai Lawn Rung - DLR) သို့ ပြန်လည်ခေါ်ယူလိုက်ကြောင်း KIO ဗဟိုကော်မတီရုံး၏ တရားဝင်အမိန့်စာနှင့် စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသော အမိန့်စာတွင် ကိုယ်ပိုင်အမှတ် Hkarang/2069 ရှိ ဗိုလ်မှူး လဖိုင် ဂျာလီအောင်ကို ကာကွယ်ရေးဌာန၏ လက်ရှိရှေ့တန်းတာဝန်များမှ ရပ်စဲကာ မူလရုံးချုပ်သို့ ပြန်လည်လွှဲပြောင်းရန် ညွှန်ကြားထားခြင်းဖြစ်သည်။


ဗိုလ်မှူး ဂျာလီအောင်သည် ယခင်က ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာအခြေစိုက် KIA တပ်ရင်း (၅၁) တွင် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့က စားသောက်ဆိုင်တစ်ခု၌ ဒေသခံအမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ချုပ်နှောင်ခဲ့မှုကြောင့် ဒေသခံပြည်သူများက ၎င်းအား "အလိုမရှိ" ကြောင်း ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။


ထို့ပြင် နယ်စပ်ဒေသ တာဝန်ကျစဉ်အတွင်း ရာထူးအာဏာကို အလွဲသုံးစားပြုလုပ်ကာ ကိုယ်ကျိုးအတွက် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုများ ကျူးလွန်ခဲ့သည်ဟုလည်း ဝေဖန်ခံခဲ့ရသူဖြစ်သည်။


၎င်းသည် တပ်မဟာ (၇) နယ်မြေသို့ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကလည်း ဖီမော်ကျေးရွာရှိ နယ်စပ်ဂိတ်တစ်ခုတွင် မူးယစ်နေသည့် အနေအထားဖြင့် ဂိတ်ပိတ်ချိန်၌ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရာမှ တာဝန်ကျသူများနှင့် အငြင်းပွားမှုဖြစ်ပွားခဲ့သည်။ ယင်းနောက် လာရောက်စစ်ဆေးသည့် နယ်ထိန်းအဖွဲ့ကိုပါ သေနတ်ပြ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ 


ထိုနေ့ ညနေပိုင်းတွင်လည်း ၎င်း၏အဖွဲ့ဝင်များက ရပ်မိရပ်ဖများနှင့် ရွာသားအချို့ကို ကျေးရွာလူထုရှေ့တွင် ကြိမ်ဒဏ်ပေးခြင်း၊ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။


ယခုကဲ့သို့ ရုံးချုပ်သို့ ပြန်လည်ခေါ်ယူသည့် တရားဝင်ထုတ်ပြန်ချက်ထဲတွင် အသေးစိတ် အကြောင်းရင်းကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။


 သို့သော် တရုတ်-မြန်မာ နယ်စပ်လုံခြုံရေးကို ထိခိုက်စေသည့် လုပ်ရပ်များ၊ အကျင့်ပျက်ခြစားမှုဆိုင်ရာ ဝေဖန်ခံရမှုများနှင့် ပြည်သူလူထုအပေါ် လက်နက်ပြ ခြိမ်းခြောက်မှုများကြောင့် KIO ဗဟိုကော်မတီက ၎င်းအား ရှေ့တန်းတာဝန်မှ ချက်ချင်းရပ်ဆိုင်းကာ စစ်ဆေးအရေးယူရန် ခေါ်ယူခြင်းဖြစ်နိုင်ကြောင်း စစ်ရေးနှင့် ဒေသတွင်း သတင်းရင်းမြစ်များက သုံးသပ်ထားကြသည်။


Comments


bottom of page