ညောင်ရွှေတွင် ခွေးရူးရောဂါပိုး သံသယရှိ ခွေးများ လိုက်လံကိုက်ခဲမှုကြောင့် တစ်ပတ်အတွင်း လူ (၂၀) ခန့် ဒဏ်ရာရရှိကာ ဒေသခံများ စိုးရိမ်နေ
- Horizons News

- 10 minutes ago
- 1 min read
ညောင်ရွှေ ၊ ဇူလိုင် ၁၈ ၊ Horizons

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ခွေးရူးသောင်းကျန်းမှုများ ဖြစ်ပွားနေပြီး တစ်ပတ်အတွင်း ခွေးကိုက်ခံရသူ (၂၀) ဦးခန့်အထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါခွေးများသည် လူများကိုသာမက ခွေးအချင်းချင်းကိုပါ လိုက်လံကိုက်ခဲနေသဖြင့် ရောဂါကူးစက်မှုများ ပိုမိုပြန့်ပွားလာနိုင်သည့်အတွက် ဒေသခံများအကြား စိုးရိမ်မကင်း ဖြစ်နေကြသည်။
လက်ရှိတွင် စာသင်ကျောင်းများ ဖွင့်လှစ်ထားသည့် ကာလဖြစ်သဖြင့် မိဘများနှင့် ဒေသခံများက ကလေးငယ်များအတွက် ပိုမိုစိုးရိမ်နေကြခြင်း ဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးက "ခုက ကလေးတွေ ကျောင်းဖွင့်တဲ့ ကာလလည်းဖြစ်တော့ အရမ်းစိုးရိမ်ရတယ်။ ခွေးရူးကလည်း တစ်ကောင်မဟုတ်တော့ ကြောက်နေကြရတယ်။ ကိုက်ခံရတဲ့သူဆို အယောက် ၂၀ လောက်ရှိတယ်။ တချို့ဆို နမ့်ပန်ဆေးရုံသွားရတယ်။ တချို့ဆို ကိုက်ခံရတာ ဒဏ်ရာတွေလည်း ပြင်းထန်တော့ တောင်ကြီး စဝ်စံထွန်းဆေးရုံအထိ သွားရတယ်" ဟု ပြောဆိုသည်။
ထို့ပြင် ယခင်က ရန်မူလေ့မရှိသည့် လမ်းဘေးခွေးများပင် ယခုအခါ လူများကို လိုက်လံကိုက်ခဲသည့် အခြေအနေများ တွေ့ရှိနေရကြောင်း သိရသည်။
လတ်တလောတွင် ညောင်ရွှေဈေး အနီးပတ်ဝန်းကျင်နှင့် အောက်လှေဆိပ်အနီး တစ်ဝိုက်တွင် ခွေးကိုက်ခံရသည့် ဖြစ်စဉ်များ ပိုမိုများပြားနေသဖြင့် ပြည်သူများအနေဖြင့် သွားလာရာတွင် အထူးသတိထားကြရန် ဒေသခံများက အချင်းချင်း သတိပေး နှိုးဆော်ထားကြသည်။



Comments