top of page
Logo-Icon.png

မွန်ပြည်နယ်တွင် ရထားလမ်းကူးနေရာ (၁၀၀) ကျော် အပိတ်ခံရသဖြင့် ဒေသခံတောင်သူများ သယ်ယူပို့ဆောင်ရေး အခက်ကြုံနေရ

မော်လမြိုင် ၊ ဇူလိုင် ၁၈ ၊ Horizons



မွန်ပြည်နယ်၊ သိမ်ဇရပ်ဘူတာနှင့် မော်လမြိုင်ဘူတာကြားရှိ ရထားလမ်းကူးနေရာ (၁၀၀) ကျော် ပိတ်ဆို့ခံထားရသဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေကြသည့် ဒေသခံတောင်သူများမှာ သယ်ယူပို့ဆောင်ရေးအပိုင်းတွင် များစွာအခက်ကြုံတွေ့နေရကြောင်း သိရသည်။


ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း၌ မြန်နှုန်းမြင့် DEMU ရထား ပြေးဆွဲနိုင်ရေးအတွက် ပြီးခဲ့သည့် ဇွန်လပထမပတ်အတွင်းက မြန်မာ့မီးရထားဝန်ထမ်းများနှင့် သက်ဆိုင်ရာ အာဏာပိုင်ပူးပေါင်းအဖွဲ့များက ယင်းရထားလမ်းကူးနေရာ တစ်ရာကျော်ကို ခြံစည်းရိုးခတ်ကာရံ၍ လိုက်လံပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။


ယခုကဲ့သို့ ရထားလမ်းကူးနေရာများ ပိတ်သိမ်းခံရခြင်းကြောင့် စိုက်ပျိုးရေးအတွက် လိုအပ်သည့် ကုန်ထုတ်လမ်းများ မရှိတော့သဖြင့် တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးသုံး ပစ္စည်းများနှင့် သွင်းအားစုကုန်ပစ္စည်းများ သယ်ယူရန် အခက်အခဲဖြစ်ပေါ်နေသည်။ 


ထို့ပြင် လယ်ယာလုပ်ငန်းခွင်များသို့ သွားလာရာတွင် အချိန်ပိုမိုကြာမြင့်ခြင်းနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ ပိုမိုမြင့်တက်လာခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။


ထို့ကြောင့် မိမိတို့၏ လယ်ယာလုပ်ငန်းခွင်အတွက် အရေးပါလှသည့် အဆိုပါ ရထားလမ်းကူးနေရာများကို လုံခြုံရေးအစီအမံများ စနစ်တကျချမှတ်ကာ ပြန်လည်ဖွင့်လှစ်ပေးရန် တောင်သူများက တောင်းဆိုထားကြသည်။


သိမ်ဇရပ်ဘူတာမှ မော်လမြိုင်ဘူတာအကြားတွင် ရထားလမ်းကူးနေရာ စုစုပေါင်း (၁၅၇) နေရာရှိသည့်အနက် (၁၆) နေရာကိုသာ တရားဝင်ရထားလမ်းကူးနေရာများအဖြစ် သတ်မှတ်ထားကြောင်း စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုထားသည်။


သို့သော်လည်း ပြီးခဲ့သည့် ဇွန်လ (၉) ရက်နေ့က ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးတွင် လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးမင်းဇေယျာဦးက ယခုကဲ့သို့ ပြန်လည်ဖြေကြားထားကြောင်း သိရသည်။


"တရားမဝင် ရထားလမ်းကူးနေရာတချို့ဟာ အများပြည်သူတွေ မဖြစ်မနေ အသုံးပြုဖို့ လိုအပ်ချက်ရှိလာမယ်ဆိုရင်တော့ လုံခြုံရေးဂိတ်တွေ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်”


Comments


bottom of page