Mytel က ကမ္ဘာ့ဖလားပွဲစဉ်များကို သုဝဏ္ဏကွင်း၌ အခမဲ့ပြသမည်ဖြစ်ပြီး ညဉ့်နက်ပိုင်း လာရောက်ကြည့်ရှုမည့် လူငယ်များ စစ်မှုထမ်း ပေါ်တာဆွဲခံရနိုင်ကြောင်း သတိပေး
- Horizons News

- 4 days ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၄ ၊ Horizons

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပိုင်ဆိုင်သည့် Mytel ကုမ္ပဏီသည် ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များအတွက် မြန်မာနိုင်ငံအတွင်း တစ်ဦးတည်း မူပိုင်ခွင့်ဝယ်ယူထားသော်လည်း အခကြေးငွေပေး ကြည့်ရှုသူ နည်းပါးနေသောကြောင့် သုဝဏ္ဏဘောလုံးကွင်း၌ ပရိုဂျက်တာဖြင့် အခမဲ့ ပြသသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်ထံမှ သိရသည်။
ယင်းအစီအစဉ်ကို စစ်တပ်၏ ဝါဒဖြန့်ချိရေးနှင့် လူငယ်များကို ဆွဲဆောင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ (၂) ပွဲ၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ အပါအဝင် စုစုပေါင်း ပွဲစဉ် (၄) ပွဲကို အခမဲ့ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။
အဆိုပါ အခမဲ့ပြသခြင်းကို ဇူလိုင်လ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကာ သုဝဏ္ဏဘောလုံးကွင်းကို အသုံးပြုရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ထံမှ ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ စစ်ကောင်စီခေါင်းဆောင်၏ တိုက်ရိုက်အမိန့်ဖြင့် ရန်ကုန်တိုင်းစစ်ကောင်စီက စီစဉ်နေခြင်းဖြစ်သည်။
ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ ည ၇ နာရီမှစတင်၍ ကွင်းအတွင်း အားကစားနှင့် ဂိမ်းကစားနည်းများကို အခကြေးငွေဖြင့် ကျင်းပပေးထားမည်ဖြစ်ပြီး ဘောလုံးပွဲ ပြီးဆုံးမည့် နံနက်မိုးလင်းခါနီးအချိန်အထိ အစီအစဉ်များ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် လူငယ်များ ပိုမိုလာရောက်စေရန် အဆိုတော် နီနီခင်ဇော် ဦးဆောင်သည့် စတိတ်ရှိုးနှင့် DJ အဖွဲ့များ၏ ဖျော်ဖြေရေး အစီအစဉ်များကိုပါ အခမဲ့ ထည့်သွင်းထားကြောင်း သိရသည်။
ယခုကဲ့သို့ စစ်ကောင်စီက စီစဉ်သည့် ဘောလုံးပွဲကို လာရောက်ကြည့်ရှုပြီး အချိန်မတော် ညဉ့်နက်ပိုင်း ပြန်လာမည့် လူငယ်များအနေဖြင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအမည်ခံအဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံရနိုင်ခြေရှိသဖြင့် အထူးသတိထားကြရန် သတင်းရင်းမြစ်က အသိပေးထားသည်။
အထူးသဖြင့် အရက်၊ ဘီယာ သောက်စားထားသည့် လူငယ်များမှာ ညဉ့်နက်ပိုင်း စစ်ဆေးမှုများအတွင်း အကြောင်းအမျိုးမျိုးရှာ ဖမ်းဆီးခံရနိုင်ပြီး စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲကာ ပို့ဆောင်ရောင်းစားခံရနိုင်သည့် အန္တရာယ်ရှိနေကြောင်း တိုက်တွန်း သတိပေးထားသည်။



Comments