SCEF နှင့် ဒေသဆိုင်ရာ CDM အဖွဲ့ ၈ ခု တွေ့ဆုံဆွေးနွေး၊ CDM နိုင်ငံ့ဝန်ထမ်းများ၏ လုံခြုံရေးနှင့် အခန်းကဏ္ဍဆိုင်ရာ အချက် ၉ ချက် တင်ပြတောင်းဆို
- Horizons News

- 5 days ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၃ ၊ Horizons

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ဒေသဆိုင်ရာ CDM အဖွဲ့အစည်း ၈ ခုတို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တော်လှန်ရေးနှင့် ကြားကာလအတွင်း CDM နိုင်ငံ့ဝန်ထမ်းများ လုံခြုံစွာ တာဝန်ထမ်းဆောင်နိုင်ရေး အပါအဝင် အဓိကအချက် ၉ ချက်ကို တင်ပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကချင်၊ ကရင်နီ၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မွန်၊ ရန်ကုန်နှင့် ရှမ်းပြည်နယ်တို့မှ ဒေသဆိုင်ရာ CDM အဖွဲ့အစည်း ၈ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ ၎င်းတို့ ပူးပေါင်းညှိနှိုင်း ပြင်ဆင်ထားသည့် အဆိုပြုချက်များကို တင်သွင်းခဲ့ကြခြင်းဖြစ်သည်။
ဆွေးနွေးပွဲအတွင်း ဒေသဆိုင်ရာ CDM အဖွဲ့အစည်းများကိုယ်စား YFCCO မှ ကိုယ်စားလှယ်တစ်ဦးက CDM နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ လုံခြုံရေးနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဓိကအချက် ၉ ချက်ကို တရားဝင် အဆိုပြုတင်သွင်းခဲ့ကာ SCEF ထံသို့လည်း စာဖြင့် ထပ်မံပေးပို့ တင်ပြခဲ့သည်။
အဆိုပါ တောင်းဆိုချက် ၉ ချက်တွင် ပါဝင်သည့် အဓိကအချက်များမှာ ဒေသဆိုင်ရာ CDM အဖွဲ့အစည်းများကို သက်ဆိုင်ရာ ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ် အစိုးရများ၊ တိုင်းရင်းသားအဖွဲ့အစည်းများက တရားဝင် အသိအမှတ်ပြုရန်၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းများနှင့် ဆွေးနွေးပွဲများကို SCEF နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ CDM ဝန်ထမ်းများ၏ လုံခြုံရေးနှင့် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ခိုင်မာသော အာမခံချက်များပေးရန်၊ ပြည်ထောင်စုနှင့် ဖက်ဒရယ်ယူနစ် ယန္တရားများတွင် ဝန်ထမ်းရေးရာနှင့် နည်းပညာပိုင်း ကျွမ်းကျင်သည့် CDM ဝန်ထမ်းများက ဦးစီးဦးဆောင်ပြုနိုင်ရေး ဆောင်ရွက်ရန်၊ CDM ဝန်ထမ်းများ ရင်ဆိုင်နေရသည့် စားဝတ်နေရေးနှင့် လူမှုရေးအခက်အခဲများကို အထိုက်အလျောက် ဖြေရှင်းပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ပြဋ္ဌာန်းချက်များ အာဏာသက်ရောက်စေရန် SCEF နှင့်အတူ ကြိုးပမ်းရန်၊ SCEF တွင် CDM ဝန်ထမ်းရေးရာနှင့် စပ်လျဉ်း၍ သီးသန့်ကဏ္ဍတစ်ရပ် ထည့်သွင်းပေးရန်နှင့် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ပေးရန်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် SCEF တို့၏ လုပ်ငန်းတာဝန်များအပေါ် ရှင်းလင်းစွာ သိရှိခွင့်ရရန်တို့ ပါဝင်သည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ SCEF မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ပဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာ ဇော်ဝေစိုးနှင့် တွဲဖက်ညှိနှိုင်းရေးမှူး Salai Ram Kulh Cung တို့ တက်ရောက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဒေသဆိုင်ရာ CDM အဖွဲ့အစည်းများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့် ကြားကာလ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍများတွင် မိမိတို့၏ အတွေ့အကြုံ၊ နည်းပညာများဖြင့် အပြုသဘောဆောင် ကူညီပံ့ပိုးရန် အသင့်ရှိနေကြောင်းနှင့် ယခုဆွေးနွေးချက်များအပေါ် အခြေခံ၍ SCEF နှင့် ရေရှည်လက်တွဲ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။



Comments