ကျောက်တော်တွင် ရေကြီးမှုကြောင့် ပျက်စီးသွားသည့် သောက်သုံးရေကန်များကို ULA/AA နှင့် ဒေသခံများ ပူးပေါင်းပြုပြင်
- Horizons News

- 23 hours ago
- 1 min read
ကျောက်တော် ၊ ဇူလိုင် ၁၇ ၊ Horizons

ရေကြီးရေလျှံမှုဒဏ်ကို ပြင်းထန်စွာခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် ဒေသတွင်း သောက်သုံးရေကန်များကို ပြန်လည်အသုံးပြုနိုင်ရေး သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (ULA/AA) နှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ကာ ရေကြီးမှုဒဏ်ခံခဲ့ရသည့် ကျောက်တော်မြို့နယ်၊ စပါးဆိပ်သီရိကျေးရွာနှင့် ရွှေတလှည်းကျေးရွာတို့ရှိ သောက်ရေကန် (၂) ကန်မှ ရေညစ်များကို ရေစုပ်စက်များဖြင့် အမြန်ဆုံး စုပ်ထုတ်ပေးခဲ့ပြီး ဖြစ်သည်။
ထို့အပြင် ရွှေတလှည်းရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ အနက် (၃၁) ပေရှိသော ရေကန်ကြီးမှာ ရေစိမ့်ဝင်မှုကြောင့် ကန်ပေါက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ၎င်းကန်ပေါက်အား ပြန်လည်ဆယ်ဖို့ခြင်းလုပ်ငန်းများကိုပါ ဆက်လက်လုပ်ဆောင်ခဲ့သည်။
အဆိုပါ လုပ်ငန်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (ULA/AA) တပ်ဖွဲ့ဝင်များ၊ အမှတ် (၁၅) ပါတီနှင့် အမှတ် (၁၅) တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဌာန၊ DLEPS တပ်ဖွဲ့ဝင်များ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများ အင်တိုက်အားတိုက် ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
ရေကြီးမှုကြောင့် သောက်သုံးရေကန်များအတွင်း အမှိုက်နှင့် ရေဆိုးများဝင်ရောက်ကာ ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံများ သန့်ရှင်းလုံခြုံသောရေကို ပြန်လည်ရရှိစေရန် ရေစုပ်ထုတ်ခြင်း၊ ကန်အတွင်း သန့်ရှင်းရေးလုပ်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို စနစ်တကျ လုပ်ဆောင်နေခြင်းဖြစ်သည်။ ကျန်ရှိသည့် ရေဘေးသင့်ရေကန်များကိုလည်း ကောင်းမွန်လာစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများပူးပေါင်းကာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။















Comments