top of page
Logo-Icon.png

ကျောက်တော်မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာ (၁၀) ရွာမှ ဒေသခံများအား ULA/AA နှင့် စောမဲကျီဖောင်ဒေးရှင်း ပူးပေါင်း၍ စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ ထောက်ပံ့

ကျောက်တော် ၊ ဇူလိုင် ၁၆ ၊ Horizons



အာရက္ခပြည် (ရခိုင်ပြည်နယ်)၊ ကျောက်တော်မြို့နယ်အတွင်း ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် ကျေးရွာ (၁၀) ရွာမှ ဒေသခံပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် စောမဲကျီဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ စားနပ်ရိက္ခာများနှင့် အသုံးအဆောင်ပစ္စည်းများကို ဇူလိုင်လ ၁၄ ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ကျောက်တော်မြို့နယ်အတွင်း ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည့် ပညာဝ၊ တောင်ပေါက်၊ ကံသုံးဆင့်၊ နီချေ၊ လမုလက်နက်၊ ကန်ချေပြင်၊ ကြောင်ဖို၊ အုံးပတီး(သစ်)၊ အုံးပတီး(ဟောင်း) နှင့် တူးမြောင်း စသည့် ကျေးရွာများမှ ဒေသခံပြည်သူများအတွက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ထောက်ပံ့ရာတွင် ဆန် (၁၄၈) အိတ်၊ ဆီ (၆၂၅) လီတာ၊ ငါးခြောက် (၆၂၅) ပိဿာ၊ အမျိုးသမီးလစဉ်သုံး (၁၄၀) ထုပ်၊ ရေသန့် (၁၄) ကတ်၊ Mamee ခေါက်ဆွဲ (၆) ဖာအပြင် အဝတ်အထည်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများကိုပါ ပေးအပ်လှူဒါန်းခဲ့ကြသည်။



ရေဘေးအန္တရာယ် စတင်ကြုံတွေ့ရချိန်ကတည်းက ULA/AA တပ်ဖွဲ့ဝင်များသည် ရေဘေးသင့်ပြည်သူများအား လုံခြုံစိတ်ချရသော နေရာများသို့ ရွှေ့ပြောင်းပေးခြင်းနှင့် ရိက္ခာအပါအဝင် အရေးပေါ်လိုအပ်ချက်များကို ထောက်ပံ့ပေးခြင်းလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြသည်။ 


လက်ရှိအချိန်တွင်လည်း ပြည်သူများ လိုအပ်လျက်ရှိသော အကူအညီအထောက်အပံ့များကို သက်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်ထောက်ပံ့ ကူညီပေးလျက်ရှိကြောင်း သိရသည်။


အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် စောမဲကျီဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျောက်တော်မြို့နယ်မှ ရေဘေးသင့် စိန်ခြုံ၊ ရွာမပြင်၊ ကြာညိုအင်း၊ ပြိုင်းချောင်း စသည့် ကျေးရွာများ၌ ဆန်ရိက္ခာများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ဆောင်ရွက်ခဲ့ကြသေးသည်။

Comments


bottom of page