ကြက်ပျံမကျ စည်ကားခဲ့သည့် ရန်ကုန်မြို့မှ ၁၉ လမ်းကို စီမံချက်ဖြင့် ရှင်းလင်းပြီးနောက် ညဈေးအဖြစ် ပြန်လည်ဖွင့်လှစ်
- Horizons News

- Jun 10
- 1 min read
ရန်ကုန် ၊ ဇွန် ၁၀ ၊ Horizons

ပြည်တွင်းပြည်ပ ခရီးသွားများနှင့် စားသုံးသူများအကြား ရေပန်းစားလျက်ရှိသည့် ရန်ကုန်မြို့ရှိ ၁၉ လမ်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က ရက် ၁၀၀ စီမံချက်ဖြင့် ရှင်းလင်းမှုများ ပြုလုပ်ပြီးနောက် ယနေ့ညနေပိုင်းတွင် ညဈေး ပုံစံသစ်ဖြင့် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
၁၉ လမ်းသည် စီမံချက်ဖြင့် မရှင်းလင်းမီအချိန်က လမ်းဘေးဈေးသည်များနှင့် စားသောက်ဆိုင်များမှ ခင်းကျင်းရောင်းချသည့် စားပွဲခုံများဖြင့် လမ်းပေါ်အထိ နေရာယူထားသဖြင့် ညစဉ် ကြက်ပျံမကျ စည်ကားလေ့ရှိသော အထင်ကရ ညဈေးတန်းတစ်ခု ဖြစ်ခဲ့သည်။
သို့သော် လမ်းပိတ်ဆို့မှုများနှင့် စည်းကမ်းမဲ့မှုများကို ဖြေရှင်းကိုင်တွယ်ရန်အတွက် စည်ပင်က စီမံချက်ဖြင့် ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် ယခုအခါ အဆိုပါလမ်းကို ပြန်လည်စည်ကားလာစေရန် ညဈေးပုံစံဖြင့် ပြန်လည်အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ညဈေးပုံစံသစ်ဖြင့် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းအပေါ် ရေရှည်တွင် မည်မျှအထိ အောင်မြင်မှုရရှိမည်ကို မြို့ခံများနှင့် ဈေးသည်များဘက်က တိတိကျကျ ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။
ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ကလည်း ရန်ကုန်မြို့၏ လမ်းဘေးဈေးသည်ပြဿနာကို ဖြေရှင်းရန်အတွက် ကမ်းနားလမ်းတွင် ညဈေးကြီးတစ်ခုကို စီမံချက်ဖြင့် ဖွင့်လှစ်ပေးခဲ့ဖူးသည်။
သို့သော် သွားလာရေး အလှမ်းဝေးကာ ခက်ခဲခြင်းနှင့် ဈေးဝယ်သူ လာရောက်မှု နည်းပါးခြင်းတို့ကြောင့် ရေရှည်တွင် အောင်မြင်မှုမရရှိဘဲ ပျက်ပြယ်သွားခဲ့ရဖူးသည်။
သို့ဖြစ်၍ ယခုအသစ် ပြန်လည်ဖွင့်လှစ်လိုက်သည့် ၁၉ လမ်း ညဈေးအနေဖြင့် ယခင် ကမ်းနားလမ်းညဈေး၏ အားနည်းချက်များကို သင်ခန်းစာယူကာ စားသုံးသူများကို အောင်မြင်စွာ ဆွဲဆောင်နိုင်မည်လား သို့မဟုတ် ယခင်ကဲ့သို့ပင် ရေရှည်မခံဘဲ ပျက်ပြယ်သွားမည်လား ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။



Comments