“ဝ” ပြည်နယ်အတွင်း ရွှေနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ၌ သတ်မှတ်ပြဋ္ဌာန်းချက်များ လိုက်နာရန် စီးပွားရေးလုပ်ငန်းရှင်များကို UWSA အသိပေး
- Horizons News

- 1 day ago
- 1 min read
ပန်ဆန်း ၊ ဇူလိုင် ၁၈ ၊ Horizons

“ဝ” ပြည်နယ်အတွင်းရှိ ရွှေ၊ သတ္တုအမျိုးမျိုးနှင့် သံယံဇာတ တူးဖော်ရေးလုပ်ငန်းများတွင် ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ပြဋ္ဌာန်းချက်များကို လိုက်နာကြစေရေးအတွက် “ဝ” ပြည်နယ် စက်မှုနှင့် သတ္တုဌာနက ဦးစီး၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပေးသည့် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရသည်။
ယခု ၂၀၂၆ ခုနှစ်အတွင်း ရွှေနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့် အရေးကြီးအချက်များနှင့် ပတ်သက်၍ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ အထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်း က အစည်းအဝေးတွင် အဓိကထား လမ်းညွှန်ပြဋ္ဌာန်းခဲ့သည်။
အစည်းအဝေးတွင် အထွေထွေအတွင်းရေးမှူးက စီးပွားရေးလုပ်ငန်းရှင်များအား သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးနှင့် ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏထက် ကျော်လွန်သုံးစွဲခြင်း လုံးဝ(လုံးဝ) မပြုရန်။
(ယခင်က အချို့လုပ်ငန်းများတွင် သတ္တုအများအပြားရရှိရေးကိုသာ ရှေးရှု၍ လွန်ကဲစွာသုံးစွဲခဲ့မှုကြောင့် အလုပ်သမားပြဿနာများ၊ ကျန်းမာရေးနှင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ဆိုသည်။)
လုပ်ငန်းဆောင်ရွက်ရာတွင် မှန်ကန်သောနည်းလမ်းများဖြင့်သာ တူးဖော်ကြရန်နှင့် အချိန်၊ အခြေအနေ၊ တူးဖော်မှုပုံစံနှင့် စီမံခန့်ခွဲမှုစသည့် ပြဋ္ဌာန်းချက်များကို တိကျစွာ လိုက်နာရန်။ ရရှိလာသည့် အကျိုးအမြတ်များကို ပြည်သူလူထုအတွက် မှန်ကန်သောနေရာများတွင် အသုံးပြုကြရန် အသိပေးပြောကြားခဲ့သည်။
အဆိုပါ သတ်မှတ်ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။
ယင်းအစည်းအဝေးသို့ အထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်း အပါအဝင် စက်မှုဌာနမှ တာဝန်ရှိသူများဖြစ်ကြသည့် ချိန်ဝေဟိုက်၊ ကြာဖျင်း၊ ကျောက်ညီကြွယ်ဖျင် တို့နှင့်အတူ ရင်းနှီးမြှုပ်နှံသူ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(ဓာတ်ပုံ - WSTV)



Comments