top of page
Logo-Icon.png

အာရှလမ်းတွင် စစ်ကူယာဉ်တန်းမှ စစ်ကားတစ်စီး တိမ်းမှောက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ သေဆုံးသူများပြားနိုင်

မြဝတီ ၊ ဇူလိုင် ၁၈ ၊ Horizons



ကရင်ပြည်နယ်၊ အာရှလမ်းမကြီးပေါ်တွင် ယနေ့ (ဇူလိုင်လ ၁၈ ရက်) နံနက်ပိုင်းက ကျုံဒိုးမှ မြဝတီဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီ၏ စစ်ကူယာဉ်တန်းမှ စစ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးထက်မနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများလည်း ရှိနိုင်ကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်မှာ ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျုံဒိုးဘက်မှ မြဝတီဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပြည့်တင်ဆောင်လာသည့် စစ်ကားကြီး (၈) စီးပါ စစ်ကူယာဉ်တန်းအနက်မှ တစ်စီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။


ယာဉ်တိမ်းမှောက်ပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ကောင်စီ၏ DC-3 စစ်ကား (၃) စီးဖြင့် သယ်ဆောင်သွားခဲ့ပြီး ၎င်းတို့ထဲတွင် လူနာ (၁၅) ဦးထက်မနည်း ပါဝင်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီအခြေစိုက် သတင်းရင်းမြစ်တစ်ခုက ယခုလို ပြောကြားသည်။


"DC-3 စစ်ကား ၃ စီးနဲ့ လူနာတွေကို သယ်သွားတယ်။ ၁၅ ဦးထက်မနည်း ပါတယ်၊ ကားနောက်မှာ ပက်လက်ဖြစ်နေတဲ့ စစ်သားတွေ အများကြီး တွေ့ရတယ်။ သေဆုံးသူတွေလည်း ရှိနိုင်တယ်"


သတင်းရရှိချက်များအရ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် မြဝတီဘက်မှ လူနာတင်ယာဉ် (Ambulance) (၇) စီးခန့်နှင့် အရပ်သားယာဉ်အချို့သည် အာရှလမ်းဘက်သို့ အရေးပေါ် သွားရောက်ကူညီခဲ့ကြသည်။


 ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ ထိခိုက်ဒဏ်ရာရရှိသူများကို ညီနောင်လမ်းဆုံမှတစ်ဆင့် မြဝတီဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးလျက်ရှိပြီး ကယ်ဆယ်ရေးနှင့် လူနာသယ်ယူရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။


စစ်ကောင်စီယာဉ်တန်း တိမ်းမှောက်ရသည့် အကြောင်းရင်း အသေးစိတ်ကိုမူ လက်ရှိအချိန်ထိ ထပ်မံစုံစမ်းနေဆဲ ဖြစ်သည်။


Comments


bottom of page