top of page
Logo-Icon.png

ကျောက်ပန်းတောင်းတွင် စစ်မှုထမ်းကြေးပေးဆောင်ထားသည့် နေအိမ်များကို ပေါ်တာဆွဲခံရပါက ပြန်ထုတ်ရန် “တာဝန်ကျေဖြတ်ပိုင်း" ထုတ်ပေးနေ

ကျောက်ပန်းတောင်း ၊ ဇူလိုင် ၁၈ ၊ Horizons



မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် စစ်မှုထမ်းကြေး ထည့်ဝင်ထားသည့် နေအိမ်များမှ မိသားစုဝင်တစ်ဦးဦး လမ်းခရီး၌ ပေါ်တာဆွဲ (ဖမ်းဆီး) ခံရပါက ပြသ၍ ပြန်လည်ထုတ်ယူနိုင်ရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က "တာဝန်ကျေဖြတ်ပိုင်း" များ ထုတ်ပေးနေကြောင်း သိရသည်။


ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်အတွင်း စစ်မှုထမ်းကြေး ထည့်ဝင်ထားသော အိမ်ထောင်စုများကို “သာယာအေးရပ်ကွက်၊ တာဝန်ကျေဖြတ်ပိုင်း” ဟု ရေးသားထားသော ဖြတ်ပိုင်းများ ပေးအပ်ထားခြင်းဖြစ်သည်။


 မိမိအိမ်မှ တစ်ဦးဦး ပေါ်တာဆွဲခံရပါက ယင်းဖြတ်ပိုင်းပြ၍ ပြန်ထုတ်နိုင်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုကြောင်း ကျောက်ပန်းတောင်းမြို့ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးထံမှ သိရသည်။


"အဲဒီဖြတ်ပိုင်းပြရင် ပေါ်တာဆွဲခံထားရတဲ့သူကို တကယ် ထုတ်ပေး၊ မပေးတော့ မသိဘူး။ ရပ်ကွက်တိုင်းက ဖြတ်ပိုင်းထုတ်ပေးတယ်လို့ ကြားတယ်။ ရပ်ကွက်တစ်ခုနဲ့တစ်ခု ငွေကောက်တာချင်း အနည်း၊ အများကွာတယ်။ အခု ဒီလ (ဇူလိုင်) မှ စစ်မှုထမ်းကြေး စကောက်တာ" ဟု ၎င်းက ပြောသည်။


သာယာအေးရပ်ကွက်အတွင်း စစ်မှုထမ်းကြေး ကောက်ခံရာတွင် စစ်မှုထမ်းအကျုံးဝင် လူငယ်ရှိသည့်အိမ် - ၃၀,၀၀၀ ကျပ် ၊ အကျုံးဝင်လူငယ် မရှိသည့်အိမ် - ၂၀,၀၀၀ ကျပ် ၊ အကျုံးဝင်လူငယ်မရှိသည့် လက်လုပ်လက်စားအိမ် - ၁၅,၀၀၀ ကျပ် ၊ ပေါ်တာပါပြီးသားအိမ် - ၁၅,၀၀၀ ကျပ်ခွဲခြားကောက်ခံနေကြောင်း သိရသည်။


မြို့ပေါ်ရပ်ကွက်များအပြင် ကျောက်ပန်းတောင်းမြို့အနီးရှိ ကျေးရွာများတွင်လည်း တစ်အိမ်လျှင် ငွေကျပ် (၁၀,၀၀၀) နှုန်းဖြင့် လိုက်လံကောက်ခံနေကြောင်း သိရသည်။


လက်ရှိ ကျောက်ပန်းတောင်းမြို့ပေါ်တွင် ပေါ်တာဆွဲမှု (၅) ရက်ခန့် ငြိမ်သက်နေသော်လည်း ၎င်းရက်မတိုင်ခင်က တောက်လျှောက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။


 အထူးသဖြင့် အလုပ်သမားများနှင့် လူအသွားအလာများသည့် အနောက်မြို့ပတ်လမ်းနှင့် မြေနီလမ်းတို့တွင် ပေါ်တာအဆွဲအများဆုံးဖြစ်ပြီး၊ ဖမ်းဆီးခံရသူများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ရုံး၌ တစ်ညချုပ်နှောင်ကာ နောက်တစ်ရက်တွင် ကျောက်ပန်းတောင်းအခြေစိုက် အမြောက်တပ်သို့ ပို့ဆောင်လေ့ရှိကြောင်း သိရသည်။


ယခုကဲ့သို့ မြို့ပေါ်၌ ပေါ်တာအဆွဲကြမ်းသဖြင့် ညဦးပိုင်းအချိန်များတွင် အပြင်ထွက်သူ မရှိသလောက် နည်းပါးသွားသည်။ ပေါ်တာအဆွဲခံရသူများကို ငွေကျပ်သိန်း (၂၀၀) ကျော်အထိပေးမှ ပြန်လွှတ်ပေးသည်ဟူသော သတင်းများ ထွက်ပေါ်နေသော်လည်း မြေပြင်အခြေအနေတွင် လူငယ်ပိုင်းများ ဖမ်းဆီးခံရပါက ငွေပေးသော်လည်း ပြန်လည်ရွေးချယ်၍ မရနိုင်ကြောင်း စုံစမ်းသိရှိရသည်။

Comments


bottom of page