top of page
Logo-Icon.png

ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၊ ပြည်သူ့နေအိမ်တစ်လုံး ပျက်စီးပြီး ဒေသခံများ စိုးရိမ်ထိတ်လန့်နေရ

ကျုံဒိုး ၊ ဩဂုတ် ၇ ၊ Horizons



ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူ့နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။



ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်နေ့ ည (၁၀) နာရီ (၂၀) မိနစ်မှ (၁၀) နာရီ (၂၇) မိနစ်အချိန်ခန့်တွင် ကျုံဒိုးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) လက်အောက်ခံ တပ်သစ်အမြောက်ကုန်းမှ (၁၂၂) မမ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ လက်နက်ကြီးကျည် (၅) လုံးသည် ကျေးရွာများအတွင်းနှင့် အပြင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။


ယင်းသို့ ပစ်ခတ်မှုကြောင့် ကော့ဖောင်းကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် (၁) လုံးပေါ်သို့ ကျည်ထိမှန်ခဲ့ပြီး အိမ်အမိုးနှင့် အိမ်တွင်း ပရိဘောဂပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ရသည်။ 


ထို့ပြင် ကျေးရွာပြင်ဘက်ရှိ ပြည်သူပိုင် လယ်ယာမြေများအတွင်းသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူများမှာ လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက်ရန်ပင် စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။


အကြမ်းဖက်စစ်ကောင်စီသည် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ် (Five-Point Consensus) ကို လိုက်နာခြင်း လုံးဝမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်ဆိုသလို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။


ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားကျေးရွာများနှင့် လယ်ယာမြေများအတွင်းသို့ လက်နက်ကြီးများဖြင့် ဥပဒေမဲ့ ပစ်ခတ်နေမှုများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပြီး၊ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုပါ ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ထောက်ပြထားသည်။

bottom of page