top of page
Logo-Icon.png

ခင်ဦးမြို့နယ်တွင် မူးမြစ်ရေ ရုတ်တရက် မြင့်တက်လာမှုကြောင့် ကျေးရွာ (၁၀) ရွာထက်မနည်း ရေနစ်မြှုပ်၊ ဒေသခံပြည်သူ ထောင်ချီ ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းနေရ

ခင်ဦး ၊ ဩဂုတ် ၇ ၊ Horizons



စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ မူးမြစ် (နတ်မူး) အရှေ့ဘက်နှင့် တူးမြောင်းအနီးရှိ ကျေးရွာများအတွင်းသို့ မူးမြစ်ရေများ ရုတ်တရက် စတင်ဝင်ရောက်လာသည့်အတွက် ဒေသခံပြည်သူ ထောင်ပေါင်းများစွာမှာ ဘေးလွတ်ရာ ရေဘေးရှောင်စခန်းများနှင့် ကုန်းမြင့်ပိုင်းများသို့ အရေးပေါ် ရွှေ့ပြောင်းနေကြရကြောင်း သိရသည်။



ဖြစ်စဉ်မှာ ယနေ့ (ဩဂုတ်လ ၇ ရက်) နံနက်အစောပိုင်း (၁) နာရီဝန်းကျင်မှစ၍ မူးမြစ်ရေများ မြင့်တက်လာကာ ခင်ဦးမြို့နယ် မူးမြစ်အရှေ့ဘက်နှင့် DY-1 တူးမြောင်းဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ အရှိန်အဟုန်ဖြင့် စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ ညလယ်ယံအချိန် ရေရုတ်တရက် တက်လာခြင်းဖြစ်သဖြင့် ကျေးရွာအသီးသီးမှ ပြည်သူ ထောင်ချီတို့မှာ ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းများသို့ အလုအယက် ပြောင်းရွှေ့နေကြရသည်။


လက်ရှိတွင် ဥယျာဉ်၊ ကျွန်းတောကြီး၊ ယာတော်၊ မကျီးအုပ်၊ သရက်ပင်စု၊ ကားဆိပ်၊ မြင်းဒေါင်း၊ အင်းပတ်၊ ရွာသစ်၊ မူးသာ၊ သက်ပေး၊ ဇီးတော၊ လက်ပံကွက် နှင့် တာတိုင် စသည့် ကျေးရွာများအတွင်းသို့ ရေများ စတင်စီးဝင် နိမ့်မြှုပ်နေပြီဖြစ်သည်။


အထက်စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဆည်ရေလွှတ်ချမှုများကြောင့် မူးမြစ်ရေမှာ ထိန်းသိမ်းရခက်ခဲစွာ တိုးလာနေပြီး၊ ဒီပဲယင်း၊ တန့်ဆည်၊ ကန့်ဘလူ စသည့် မြို့နယ်များနည်းတူ ခင်ဦးမြို့နယ်ရှိ ကျေးရွာများပါ ရေဘေးအန္တရာယ်ကို ယခုကဲ့သို့ အပြင်းအထန် ရင်ဆိုင်နေရခြင်းဖြစ်သည်။


စစ်ရေးပဋိပက္ခများကြား စစ်ဘေးဒဏ်ကို အလူးအလဲ ခံစားနေရသည့် အညာဒေသ ပြည်သူများအတွက် ယခုကဲ့သို့ မူးမြစ်ရေ မြင့်တက်မှုကြောင့် ရုတ်တရက် ရေဘေးထပ်မံ ကြုံတွေ့ရခြင်းသည် လူမှုစီးပွားနှင့် အသက်အန္တရာယ်အတွက် ပိုမိုစိုးရိမ်စရာ အခြေအနေဖြစ်လာနေသည်။ ထို့ကြောင့် ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ သောက်သုံးရေနှင့် စားနပ်ရိက္ခာ ထောက်ပံ့မှုများ အမြန်ဆုံး လိုအပ်လျက်ရှိကြောင်း သိရှိရသည်။


Comments


bottom of page