ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ (၂/၂၀၂၆) တပ်မှူးကြီးများ အစည်းအဝေး ကျင်းပပြီးစီး၊ မဟာဗျူဟာထိုးစစ်သို့ တက်လှမ်းရန် ရှေ့လုပ်ငန်းစဉ်များ ချမှတ်
- Horizons News
- 2 minutes ago
- 1 min read
ဩဂုတ် ၇ ၊ Horizons

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်မှူးကြီးများ အစည်းအဝေး (၂/၂၀၂၆) ကို ဩဂုတ်လ (၃) ရက်နေ့မှ (၆) ရက်နေ့အထိ (၄) ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း ယနေ့ (ဩဂုတ်လ ၇ ရက်) တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်နှင့် စစ်ဦးစီးအရာရှိချုပ်တို့က လမ်းညွှန်အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီး၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ ဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့် မဟာဗျူဟာများကို လမ်းညွှန်ဆွေးနွေးခဲ့သည်။
ထို့နောက် အမျိုးသားကာကွယ်ရေး မဟာဗျူဟာနှင့်အညီ ပြီးခဲ့သည့် တပ်မှူးကြီးများ အစည်းအဝေး (၁/၂၀၂၆) တွင် အတည်ပြုခဲ့သည့် လုပ်ငန်းစဉ်များအပေါ် တိုင်းစစ်ဌာန (၁၀) ခု၊ တပ်မ (၁) ခုနှင့် စစ်ရုံးချုပ် စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်၊ စစ်ထောက်လှမ်းရေး၊ ပြည်သူ့လုံခြုံရေးဌာန၊ စစ်ဆင်ရေးရုံးများ၊ စစ်ဥပဒေရုံးနှင့် ပ.က.ဖ စစ်ဘက်ရေးရာအရာရှိချုပ်ရုံးတို့က စာတမ်းများ တင်သွင်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ယင်းအစည်းအဝေးမှ စစ်ဒေသအသီးသီးတွင် သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများအားလုံးနှင့် လက်တွဲ၍ "ပြည်သူ့ခုခံတွန်းလှန်စစ်" အဆင့်မှသည် "မဟာဗျူဟာထိုးစစ်" အဆင့်သို့ တက်လှမ်းနိုင်ရေး ဦးတည်ပြင်ဆင် ဆောင်ရွက်သွားရန်။ညီညွတ်ရေးမူ (၃) ရပ်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ကွပ်ကဲရေးကော်မတီတွင် မဟာဗျူဟာကျကျ ပါဝင်ဆောင်ရွက်သွားရန် စသည့်အဓိကရှေ့လုပ်ငန်းစဉ်များကို အတည်ပြု ဆုံးဖြတ်ချမှတ်နိုင်ခဲ့သည်။
အစည်းအဝေး စတုတ္ထနေ့တွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အမှူးပြုသည့် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (လုံ/ကာ) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါအချိန်တွင် PDF တပ်မှူးကြီးများက စစ်ဓလေ့ထုံးတမ်းနှင့်အညီ အလေးပြု၍ ရှေ့လုပ်ငန်းစဉ်များကို တင်ပြကာ နိုင်ငံရေးဦးဆောင်မှုကို ခံယူခဲ့ကြပြီး၊ ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် PDF စစ်ဦးစီးချုပ်တို့က နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ကြသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေပြီး "မဟာဗျူဟာထိုးစစ်" လမ်းကြောင်းသို့ တက်လှမ်းရန် ပြင်ဆင်ရေးဆွဲလိုက်ခြင်းသည် တော်လှန်ရေး၏ စစ်ရေးအရှိန်အဟုန်ကို မြှင့်တင်ရန် ပြင်ဆင်မှုတစ်ခုဖြစ်သည်။
ထို့ပြင် စစ်ဒေသအသီးသီး၌ ကွပ်ကဲရေးနှင့် မဟာဗျူဟာ ချိတ်ဆက်မှုများကို စနစ်တကျ ပြန်လည်စိစစ်၍ နိုင်ငံရေးနှင့် စစ်ရေးဦးဆောင်မှုကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်ခြင်းသည် နွေဦးတော်လှန်ရေး၏ ရှေ့ဆက်သွားမည့် စစ်ဆင်ရေးပန်းတိုင်များအတွက် အဓိကကျသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ထားသည်။