top of page
Logo-Icon.png

ကြားဖြတ်တိုက်ခိုက်ခံရသည့် ဆောမြို့နယ်စစ်ကြောင်းမှ စစ်ကောင်စီတပ်သား (၁၀) ဦးခန့် သေဆုံး၊ စစ်မှုထမ်းသစ် (၂၀) ကျော် လက်နက်များနှင့်အတူ ထွက်ပြေးလွတ်မြောက်

ဆော ၊ ဇူလိုင် ၁၄ ၊ Horizons



မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာခဲ့သည့်အပြင် အတင်းအဓမ္မ စုဆောင်းခံထားရသည့် စစ်မှုထမ်းတပ်သား အများအပြားမှာလည်း စစ်ကြောင်းအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က ပေါက်မြို့နယ်အခြေစိုက် က.ပ.စ (၂၄) မှ စစ်ကား (၅) စီး၊ အင်အား ၄၀၀ ခန့်ဖြင့် လမ်းတစ်လျှောက် ကင်းအထပ်ထပ်ချကာ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းတွင် ပုံတောင်နတ်ထိပ်သို့ ရောက်ရှိလာခဲ့သည်။ 


ယင်းနောက် တပြင်း-ကျောက်ထု ကားလမ်းအတိုင်း ဆင်းလာစဉ် ပုံတောင်နတ်ထိပ်နှင့် တပြင်းရွာအကြား၌ တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်ချေမှုန်းတိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။


ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ (၁၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး ရုပ်အလောင်း (၄) လောင်းနှင့်အတူ အရှင်ဖမ်းမိသည့် စစ်သုံ့ပန်းအချို့လည်း ရှိခဲ့ကြောင်း သိရသည်။ 


အဆိုပါစစ်ကြောင်းသည် တပြင်းရွာအတွင်းသို့ ဝင်ရောက်သွားပြီး ကျောက်ထုမြို့ဘက်သို့ ဆက်လက်ဦးတည်ရန် ပြင်ဆင်နေသည်။


ယင်းစစ်ကြောင်းတွင် စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းထားသည့် ပြည်သူ့စစ်မှုထမ်းတပ်သား အများအပြား ပါဝင်နေပြီး စစ်ကြောင်းစတင်ထွက်ခွာချိန်မှစ၍ ယနေ့အထိ အခွင့်အရေးရသလို ထွက်ပြေးကာ တော်လှန်ရေးအဖွဲ့များထံ အလင်းဝင်ရောက်လာသူ (၂၀) ကျော်အထိ ရှိလာပြီဖြစ်သည်။


 "စစ်ကြောင်းထဲက စစ်မှုထမ်းတွေက အကုန်ထွက်ပြေးချင်နေကြတာ။ မလွတ်မှာကြောက်လို့သာ သည်းခံပြီးနေနေရတာ။ မနေ့က တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာပဲ လက်နက်နဲ့ ထွက်ပြေးလာသူ ၁၃ ယောက်နဲ့ လက်နက်မပါဘဲ ပြေးလာသူ ၉ ယောက် တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်လာတယ်" ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ခုက ပြောပြသည်။


လက်ရှိတွင် ယောဒေသတွင်း စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီသည် စစ်ကူများကို နည်းလမ်းမျိုးစုံဖြင့် ဖြည့်တင်းလျက်ရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) တွင်လည်း စစ်မှုထမ်းသင်တန်း နောက်ဆုံးအပတ်စဉ်မှ သင်တန်းဆင်းတပ်သားများကို ပေါက်မြို့နယ်အခြေစိုက် က.ပ.စ (၂၄) သို့ ပို့ဆောင်ထားကြောင်း သိရသည်။


ထို့ပြင် မကွေးတိုင်းအနောက်ခြမ်း စလင်းမြို့နယ်ဘက်မှ ဝင်ရောက်လာပြီး လောင်းရှည်မြို့နယ် က.ပ.စ (၂၅) သို့ ဦးတည်နေသည့် စစ်ကား (၃၄) စီး၊ အင်အား ၄၀၀ ခန့်ပါ နောက်ထပ် စစ်ကြောင်းကြီးတစ်ခုသည်လည်း လက်ရှိတွင် ကံပြား-ကျွန်းတော-မြောင်းဦး-လောင်းရှည် လမ်းပိုင်းပေါ်ရှိ လောင်းရှည်မြို့နှင့် (၂၅) မိုင်ခန့် အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းများအရ သိရှိရသည်။


Comments


bottom of page