ကန့်ဘလူတွင် ခရီးသွားများထံမှ ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ကို ပကဖ ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ (၅) ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ
- Horizons News

- 17 hours ago
- 1 min read
ကန့်ဘလူ ၊ ဇူလိုင် ၁၇ ၊ Horizons

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်အတွင်းရှိ ခရီးသွားပြည်သူများထံမှ နေ့စဉ် ဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ကန့်ဘလူခရိုင် ပကဖနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ (ဇူလိုင်လ ၁၇ ရက်) နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၅) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီခွဲဝန်းကျင်တွင် ကာဘိုးတိုက်နယ်စခန်းမှ ထွက်လာပြီး ကျီကုန်းလမ်းပေါ်တွင် ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံနေသည့် အင်အား (၂၂) ဦးခန့်ပါ စစ်သားနှင့် ပျူစောထီးအဖွဲ့ကို ကာဘိုးစစ်စခန်းနှင့် မီတာ (၂၀၀) ခန့်အကွာ၌ တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးဘက်မှ (၅) ဦး သေဆုံးကာ (၈) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် G3 သေနတ် (၁) လက်၊ ကာဘိုင်သေနတ် (၁) လက်၊ အိုင်ကွန်စကားပြောစက် (၁) လုံးနှင့် အခြားလက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ကန့်ဘလူခရိုင် ပကဖ တပ်ခွဲ (၄) နှင့် တပ်ခွဲ (၅)၊ ကာဘိုးတိုက်နယ် ပကဖ၊ ဇီးကုန်းတိုက်နယ် ပကဖနှင့် စစ်ကိုင်းတိုင်း ပကဖ တပ်ရင်း (၄) တပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း 'ပကဖ အသံ' က ထုတ်ပြန်ထားသည်။



Comments