အမြန်ရထားခရီးစဉ်များတွင် စစ်ကောင်စီက PSMS စနစ်အသုံးပြု၍ စစ်ဆေးဖမ်းဆီးမှုများ စတင်ပြုလုပ်
- Horizons News

- 1 day ago
- 1 min read
ဇူလိုင် ၂၃ ၊ Horizons

ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-နေပြည်တော် အမြန်ရထားလမ်းကြောင်းများပေါ်တွင် အကြမ်းဖက်စစ်ကောင်စီက ခရီးသည်များကို PSMS (Physical Security Management System) စနစ်ဖြင့် စစ်ဆေးဖမ်းဆီးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၁) ရက်နေ့မှစတင်ကာ အဆိုပါ အမြန်ရထားခရီးစဉ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသည်များ၏ မှတ်ပုံတင်များကို တောင်းယူစစ်ဆေးပြီး Tablet များရှိ PSMS စနစ်အတွင်းသို့ ထည့်သွင်းတိုက်ဆိုင် စစ်ဆေးနေခြင်းဖြစ်သည်။
"ကျွန်မရှေ့က အမျိုးသမီးတစ်ယောက်ကို စစ်လိုက်တာ စာရင်းထဲမှာပါနေလို့ဆိုပြီး ခေါ်သွားတာမျိုး ကြုံခဲ့ရတယ်" ဟု ရန်ကုန်-နေပြည်တော် အမြန်ရထားဖြင့် လိုက်ပါလာသည့် ခရီးသည်တစ်ဦးက ဆိုသည်။
ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွင် ယခင်ကတည်းက ဤစနစ်ဖြင့် စစ်ဆေးမှုများရှိခဲ့သော်လည်း ရန်ကုန်-မန္တလေးနှင့် နေပြည်တော် ခရီးစဉ်များတွင် ယခုမှသာ စတင်လာခြင်းဖြစ်သည်။
PSMS စနစ်သည် CDM ဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ဖမ်းဝရမ်းထုတ်ခံထားရသူများနှင့် ဘဏ်အကောင့် ပိတ်သိမ်းခံထားရသူများ၏ အချက်အလက်များကို စုစည်းထားသည့် စစ်ကောင်စီ၏ စောင့်ကြည့်ရေးဒေတာဘေ့စ်တစ်ခုဖြစ်သည်။ အဆိုပါစနစ်ထဲတွင် မှတ်ပုံတင်နံပါတ် ရိုက်ထည့်လိုက်၍ အမည်မည်းစာရင်း (Blacklist) ပါဝင်နေပါက ချက်ချင်းဖမ်းဆီးခံရလေ့ရှိသည်။
ယခင်က လေဆိပ်များနှင့် မြို့ဝင်/မြို့ထွက်ဂိတ်များတွင်သာ အဓိကထား စစ်ဆေးလေ့ရှိရာမှ ယခုအခါ မီးရထားဖြင့် ခရီးသွားလာသည့် ပြည်သူများကိုပါ ပစ်မှတ်ထား၍ တိုးမြှင့်စစ်ဆေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။



Comments